
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်နှင့်ငါးသိုင်းချောင်းမြို့နယ်တို့တွင် နိုဝင်ဘာလ ပထမအပတ်ကစ၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြ၍ ဖမ်းဆီးရာတွင် အမျိုးသမီးရဲမေများကို အသုံးပြုနေကြောင်း မြို့ခံများထံကသိရသည်။
ရေကြည်မြို့နယ် မြို့တွင်းနေရာလမ်းဆုံများ၌ နိုဝင်ဘာလ ၅ ရက်နေ့ကစ၍ ယာဉ်စည်းကမ်း အကြောင်းပြ ဖမ်းဆီးစစ်ဆေးရာတွင် ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့ အမျိုးသမီးရဲဝန်ထမ်းများကို အသုံးပြုလာကြောင်း မြို့ခံများထံက သိရှိရသည်။
”အမျိုးသမီးရဲဝန်ထမ်းတွေနဲ့ပဲ ယာဉ်ဖမ်းတာတွေလုပ်လာတယ်။ ယာဉ်ထိန်းရဲရော နယ်ရဲ ရော အမျိုးသမီးတွေပါပဲ ။ ငါးယောက်လောက်နဲ့ဖမ်းနေကြတာ။ ယောက်ျားလေးတွေမတွေ့ရတော့ဘူး” ဟု ရေကြည်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ငါးသိုင်းချောင်းမြို့နယ်တွင်လည်း မြို့အဝင်အထွက် အင်းရဲလမ်းဆုံနေရာ၊ မြို့တွင်းလမ်းဆုံနေရာများတွင် အမျိုးသမီးရဲအရာရှိတစ်ဦးအပါအဝင် အမျိုးသမီးရဲမေများကို အသုံးပြု၍ ယာဉ်စစ်ဆေးခြင်းနှင့် ငွေကြေးတောင်းခံခြင်းများပြုလုပ်နေကြောင်း မြို့ခံများထံကသိရှိရသည်။
အမျိုးသမီးရဲအရာရှိဝန်ထမ်းများကို အသုံးပြုရန် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ညွှန်ကြားထားခြင်းဖြစ်ပြီး အမျိုးသားရဲဝန်ထမ်းများကို ရဲစခန်းများ၌ ခံစစ်အနေထားပြင်ကာ ကင်းစောင့်ခိုင်းထားခြင်းဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့မရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ထံက သိရှိရသည်။
“အမျိုးသမီးရဲမေတွေကိုအခုတလောတိုင်းရုံးအမိန့်နဲ့ ယာဉ်စစ်တဲ့နေရာမှာအသုံးပြုလာတယ် ။ အမျိုးသားတွေက စခန်းမှာခံစစ်အနေအထားနဲ့ ကင်းစောင့်ခိုင်းထားတယ်.။ အဲဒီလိုပြောင်းလဲလိုက်တာမကြာသေးဘူး “ ဟု ငါးသိုင်းချောင်းမြို့မ ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းအရင်းအမြစ်က ဆိုသည်။
ထို့အပြင် အသုတ်မြို့နယ်၌လည်းစစ်ကောင်စီတပ်မှ ယာဉ်စစ်ဆေးဖမ်းဆီးမှုပြုလုပ်ရာတွင် အမျိုးသမီးရဲမေဝန်ထမ်းများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်နေ့ကစပြီး သုံးနေကြောင်းမြို့ခံများထံကသိရသည်။
#ရေကြည် #ငါးသိုင်းချောင်း #ယဉ်စည်းကမ်း #ထိန်းသိမ်းရေး #ဖမ်းဆီးရာ #အမျိုးသမီးရဲများကို အသုံးပြု #Ayeyarwaddy_Times