
ဧရာဝတီတိုင်းမ်
ဇလပ်ဖြူ / နိုဝင်ဘာလ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စက်သုံးဆီစျေး၊ ဓာတ်ဆီစျေးများ အဆမတန်ထိုးတက်ကာ ဆိုင်ကြီးများတွင်သာ အကန့်အသတ်စနစ်ဖြင့် ဝယ်ယူရသည်ဟု ကလေးမြို့ ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့ခန့်မှစတင်ကာ ကလေးမြို့တွင် ဓာတ်ဆီစျေး တစ်ဂါလံ တစ်သောင်း ရှစ်ထောင်ကျပ်မှ သုံးသောင်းကျပ်အထိ စျေးတက်သွားကာ အကန့်သတ်စနစ်ဖြင့် ဆိုင်ကြီးများတွင်သာ ဝယ်ယူနေရသည်ဟု သိရသည်။
“ဓာတ်ဆီစျေးကတော့ ကလေးမြို့မှာက မကြာခဏဆိုသလို ထိုးတက်လိုက် ပြီးရင် နည်းနည်းပြန်ကျလိုက်ဖြစ်နေတာပါပဲ။ အခုတစ်ခေါက်လည်း ပြန်တက်ပြန်ပြီပေါ့။ ဘီအိုစီတို့လို စျေးဆိုင်ကြီးတွေမှာပဲ ခွဲတမ်းပုံစံနဲ့ တစ်လီတာ ခြောက်ထောင်၊တစ်ဂါလံ သုံးသောင်းနဲ့ ဝယ်လို့ရတယ်။ကျန်တဲ့ ကျွန်တော်တို့လို လမ်းဘေးဆီဆိုင်လေးတွေကတော့ ဝယ်စရာလည်းမရှိ၊ ရောင်းစရာလည်းမရှိ။ ဆီစျေးပြန်ကျမယ့်အချိန်ထိစောင့်နေရုံပေါ့” ဟု ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ လမ်းဘေးဆီသည် တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကလေးမြို့နယ်၊ တမူးမြို့နယ် နှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်၏ အထိုင်ချတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်း တိုက်ပွဲများဆင်နွှဲနေခဲ့သောကြောင့် မဟာမြိုင်လမ်းကို စစ်ကောင်စီက နိုဝင်ဘာလ အစောပိုင်းကတည်းက ပိတ်ဆို့ထားခဲ့ကာ ကုန်တင်ကားများအဝင်အထွက် မရှိတော့သဖြင့် ကုန်စျေးနှုန်းနှင့် လောင်စာဆီစျေးများ ထိုးတက်လာသည်ဟု ကလေးဒေသခံများက ပြောသည်။
ဓာတ်ပုံ – ကလေးမြို့၊ လမ်းဘေးဓာတ်ဆီဆိုင် တစ်ဆိုင်ရှေ့တွင် ကပ်ထားသောစာ (ပုံဟောင်း)
#ကလေးမြို့ #ဓာတ်ဆီစျေးအဆမတန် #ထိုးတက်ကာ #ဆိုင်ကြီးများ #အကန့်သတ်ဖြင့်ရောင်းချ
#Ayeyarwaddy_Times