နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်နေသည့် အခန်းကဏ္ဍများတွင် အသုံးပြုသွားရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ၎င်းတို့ပိုင် နွေဦးဖွံ့ဖြိုးရေးဘဏ်-SDB ၏ အစုရှယ်ယာများကို စတင်ရောင်းချမည်ဖြစ်ပြီး ဒေါ်လာ တစ်ဆယ်မှစ၍ ဝယ်ယူနိုင် ကြောင်း သိရသည်။

အဆိုပါ အစုရှယ်ယာများကို လာမည့် နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ၂၇ ရက်နေ့အထိ ရောင်းချသွားမည်ဖြစ်ပြီး မိမိ SDB ဘဏ်အကောင့်မှသော် လည်းကောင်း၊ နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ဖြန့်ထားသည့် Relationship Manager (ကြီးကြပ်သူ) ၁၇၅ ဦးထံမှသော် လည်းကောင်း ဝယ်ယူနိုင်ကြောင်း နွေဦးဖွံ့ဖြိုးရေး ဘဏ်ထံက သိရသည်။

NUG အနေဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ်-SDB ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရယူထားမည်ဖြစ်ပြီး ကျန် ၄၉ ရာခိုင်နှုန်းအား ရောင်းချသွားရန် ရည်ရွယ်ထားကာ အစုရှယ်ယာ ဝယ်ယူသူများ၏ အကျိုးအမြတ်ကိုလည်း နှစ်စဉ်ခွဲဝေ ပေးသွားမည်ဖြစ် ကြောင်း နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် SDB ဘဏ်၏ အစုရှယ်ယာများ အကြို ရောင်းချခြင်း အစီအစဉ် သတင်းစာရှင်းလင်းပွဲတွင် ဘဏ်တာဝန်ရှိသူများက ပြောကြားသည်။

ထိုနွေဦးဖွံ့ဖြိုးရေးဘဏ်-SDB သည် မြန်မာနိုင်ငံ၏ ငွေကြေးနည်းပညာ တိုးတက်မှု အမြန်ဆုံး နံပါတ် (၁) ဒစ်ဂျစ်တယ်ဘဏ်ဖြစ်သည်ဟု သိရှိရပြီး လက်ရှိတွင် ဘဏ်၏ တစိတ်တဒေသကို ပိုင်ဆိုင်လျက် အကျိုးအမြတ် ရယူနိုင်ရန် ရည်ရွယ်ပြီး အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပထမအသုတ်အနေဖြင့် စတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“အားလုံးသိတဲ့အတိုင်း တော်လှန်ရေးက နောက်တစ်ဆင့် တနည်းအားဖြင့်ပြောရင် အဆုံးသတ်ပိုင်းအဆင့်ကို တက်လှမ်းနေပြီဖြစ်တယ်။ ဒီကာလမှာ ကျွန်တော်တို့အနေနဲ့ အဖက်ဖက်က လိုအပ်ချက်တွေ များသထက်များလာတယ်။ ယခင်ထက် ပိုများ လာပါတယ်။ အဲဒီတော့ ဒီအခြေအနေအားလုံးကို ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့ တောင့်ခံတွန်းတင်နိုင်ဖို့အတွက်၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်အထိ ရောက်အောင်သွားဖို့ ဆိုလို့ရှိရင် ဘဏ္ဍာရံပုံငွေက အရေးတကြီး လိုအပ်ပါတယ်” ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကြားကာလ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှစ၍ ဖွင့်လှစ်လည်ပတ်ခဲ့သည့် နွေဦးဖွံ့ဖြိုးရေးဘဏ်-SDB သည် ကနဦး စမ်းသပ်ကာလ Beta အား အောင်မြင်စွာ ပြီးမြောက်ကျော်လွန်ပြီး လက်ရှိတွင် ကမ္ဘာတဝန်းရှိ ဘဏ်အကောင့်ဖွင့်သူ ၄၄,၀၀၀ ကျော်၊ Relationship Manager ၁၇၅ ဦး၊ ငွေကြေးစနစ် ၁၁ မျိုး နှင့်အတူ ငွေကြေးဆိုင်ရာ ဘဏ်၀န်‌ဆောင်မှု အပြည့်ဖြင့် စနစ်တကျ လည်ပတ်လျက်ရှိကြောင်း သိရသည်။

#တော်လှန်ရေးအရေးပေါ်လိုအပ်ချက် #နွေဦးဖွံ့ဖြိုးရေးဘဏ်အစုရှယ်ယာများ #NUG ရောင်းချ #၁၀ဒေါ်လာမှစတင်ဝယ်ယူနိုင် #Ayeyarwaddy_Times