ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရိုးမ (Yoma) ဘဏ်ခွဲတွင် အင်တာနက်လိုင်းအခက်အခဲများကြောင့် ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ယင်းဘဏ်မှ ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခံထားရပြီး စစ်အုပ်စု ပိုင်ဆိုင်သော Mytel တစ်ခုသာ ဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းတချို့ရရှိကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

အဆိုပါ ရိုးမဘဏ်ခွဲ (မြစ်ကြီးနား) ပြန်လည်ဖွင့်လှစ်မည့်နေ့ကိုမူ ထပ်မံအကြောင်းကြားမည်ဖြစ်ပြီး အခက်အခဲရှိပါက Yoma Bank စင်တာ ဖုန်း ၉၆၆၂ ( သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ ဖြစ်ပွားနေသောစစ်ရေးအခြေအနေများကို စိုးရိမ်နေသည့် ပြည်သူများသည် ၎င်းတို့အပ်နှံထားသည့် ဘဏ်အပ်ငွေများကိုထုတ်ယူ၍ ရွှေဝယ်ယူမှုများရှိနေပြီး ငွေအပ်နှံသူများက ဘဏ်များနှင့်ပတ်သက်၍ ယုံကြည်မှုအားနည်းလာသည်ကို တွေ့ရ ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှစတင်ပြီး ဘဏ်များမှငွေထုတ်ရာတွင် အကန့် အသတ်ဖြင့်သာထုတ်ယူနေရပြီး ငွေထုတ်စက် (ATM) မှလည်း ငွေသား အလွယ်တကူ ထုတ်ယူနိုင်ခြင်းမရှိသေးပေ။

လက်ရှိရှိနေသောဘဏ်များ ပြိုလဲစေရန် တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီက အကူညီပေးခဲ့သော်လည်း အချို့ဘဏ်များက သစ္စာမရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နောက်ဆုံးပြုလုပ်သော သတင်းစာရှင်းလင်းပွဲပြောကြားခဲ့သည်။

အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ အရှိန်မြင့်လာသော စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်နှင့်ရဲစခန်းများ အပါအဝင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်နေပြီဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ် (KIA ) ဌာနချုပ် လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-(မြစ်ကြီးနား ရိုးမဘဏ်ခွဲပိတ်ထားသည့် ပုံဟောင်း)
#ကချင်ပြည်နယ် #Yomabank #ဘဏ်ခွဲယာယီပိတ် #မြစ်ကြီးနား #Ayeyarwaddy_Times