
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် စပါးများ မရိတ်သိမ်းနိုင်ဘဲ ပစ်ထားခဲ့ရမည်ကို ဒေသခံ တောင်သူများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၃ ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မူကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာနေ အသက် (၅၄)နှစ်အရွယ် ဦးကျော်သိန်းဖြူသည် ၎င်း၏ လယ်ကွင်းထဲ၌ စပါးရိတ်သိမ်းနေစဉ် စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စများ ထိမှန်ကာ ကျောကုန်းနှင့် လက်မောင်းတို့တွင် ပြင်းထန်ဒဏ်ရာရပြီး မင်းပြားဆေးရုံတွင် အရေးပေါ် ဆေးကုသနေရသည်။
ထို့အပြင် စစ်ကောင်စီ၏ ကျိန်းတောတပ်စခန်းကုန်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်သဖြင့် အနီးနာရှိ ကျေးရွာများဖြစ်သည့် ဖေသာပြင်ရွာ၊ ဖားပြိုရွာနှင့် ကြက်ယက်ကျေးရွာနေ ပြည်သူများသည် ၎င်းတို့၏ လယ်များနှင့် နွားများကို ပစ်ထား၍ ချဲကျေးရွာ၊ သံကြိုးရွာနှင့် ချောင်းနက်ရွာသို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ဒေသခံများထံက သိရသည် ။
“ကျွန်တော်တို့ ဖေသာပြင်ရွာနဲ့ ဖားပြိုရွာမှာ စပါးတွေ ရိတ်နေကြပြီး၊ မရိတ်ရသေးတဲ့ တခြားရွာတွေကလည်း လယ်ကွင်းထဲမှာ မှည့်နေကြပြီ။ တိုက်ပွဲတွေ ဖြစ်တော့ လယ်တွေ မရိတ်ရဘဲ ပစ်ထားရမှာ စိုးရိမ်တယ်။ အခု စစ်တပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာကြောင့် ကျွန်တော်တို့ သံကြိုးရွာ အသိတွေအိမ်မှာ ခဏတိမ်းရှောင်နေရပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီ၏ ကျိန်းတော်တပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖေသာပြင်ကျေးရွာရှိ စပါးခင်းအချို့ ပျက်စီးခဲ့ရသည်။ ယင်းအပြင် မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၅၄၀ တပ်ရင်းမှ ယခုရက်ပိုင်းအတွင်း ညဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံများ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး လယ်ကွင်းထဲသို့ မသွားရဲသောကြောင့် ပစ်ထားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ မြောက်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့က မြို့တွင်း ပစ်ခတ်မူမှာ လူသေဆုံးမူနဲ့ ထိခိုက်မူ ရှိတယ်၊ အဲ့နောက်ပိုင်း စစ်တပ်ဘက်က ညဘက်ရောက်ရင် လက်နက်ကြီးတွေ ဆက်တိုက်ပစ်တော့တာဘဲ။ အခု မြောက်ဦးမြို့နယ်က တိတ်ဆိတ်နေပြီး ဘယ်သူမှ အိမ်ပြင်ထွက်တာမျိုးမလုပ်ကြတော့ဘူး။ ကျွန်တော်တို့ စပါးမှည့်နေပြီး ဒီအပတ် စပါးမရိတ်ရင် စပါးတွေ အမှည့်လွန်ပြီး ရိတ်ရတော့မှာ မဟုတ်တော့ဘူး “ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ဦးမြို့နယ် ဂူတလုံးကျရွာ၊ ကျောက်ဆည်ပြောင်းရွာ၊ နားဒင်ရွာ၊ ရွာအောင်ပြောင်းရွာနှင့် ပန်းဖဲတန်းရွာရှိ လယ်စပါးများသည် ရင့်မှည့်နေပြီး မရိတ်သိမ်းနိုင်မည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။
#ရခိုင် #ဖြစ်ပွားသည့် #တိုက်ပွဲများကြောင့် #စပါးများမရိတ်သိမ်းနိုင်မည်ကို #ဒေသခံတောင်သူများ #စိုးရိမ် #Ayeyarwaddy_Times