“ရှမ်းမြောက်စစ်ဆင်ရေးဟာ တရုတ်က လမ်းဖွင့်ပေးလို့၊ မီးစိမ်းပြလို့ ဆိုတဲ့ကိစ္စတွေ စွပ်စွဲနေပေမဲ့ တရုတ်ကတော့ နှစ်နိုင်ငံနယ်နိမိတ်ကို ကျော်ပြီးတော့ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ပါဘူး။ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့သာလျှင် သူက တိုက်တွန်းနှိုးဆော်ခဲ့တာပါ။ ကိုးကန့်က သူလိုချင်တဲ့ လုပ်ငန်းရှင်ကြီး ၁၁ ဦးဆိုတာလည်း တရုတ်နိုင်ငံထဲမှာတင် ဖမ်းဆီးတာဖြစ်ပါတယ်။ ”( ဦးသန်းစိုးနိုင် )

အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စ၊ ရှမ်းမြောက်စစ်ဆင်ရေးနှင့် တရုတ်၏ မူဝါဒ သဘောထား အခြေအနေကို သိရှိနိုင်ရန် တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ EROs များကို စွပ်စွဲ ပြစ်တင်ထားသော်လည်း ကိုးကန့်တပ်မတော်-MNDAA အပါအဝင် ညီနောင်မဟာ မိတ်သုံးဖွဲ့က တရုတ်-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများအပါအဝင် စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်ဒေသတွင် ဖော်ဆောင် ဆင်နွှဲခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ရှမ်းမြောက် တိုက်ပွဲများဖော်ဆောင်နေစဉ်အတွင်းပင် ကိုးကန့် ဒေသရှိ အွန်လိုင်းငွေလိမ် ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် လောက်ကိုင်မြို့ ကြံ့ခိုင်ရေး အမတ်ဟောင်း ဦးမြီရှောင် ချန်းပါ မိသားစုဝင် လေးဦးကို တရုတ်အစိုးရက ဆုငွေနှင့်တကွ ဖမ်းဝရမ်းထုတ်ခဲ့သည်။

ရှမ်းမြောက်ဒေသ အနှံ့အပြားရှိ စစ်ကောင်တပ်စခန်းများ၊ ရဲစခန်းများ သိမ်းပိုက်ခံ ထားရသည့် စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ ဖမ်းဝရမ်းများ ထုတ်ပြန်ကာ တရုတ်နှင့်ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ပြုလုပ်လာသလို ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို တာဝန်မှ ရပ်စဲပြီးဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အား ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်လာခဲ့သည်။

တစ်ဖက်က ထိုသိုလုပ်ဆောင်နေသော်လည်း စစ်ဆင်ရေးဆင်နွှဲနေသည့် မဟာမိတ်ညီနောင်သုံးဖွဲ့သည် တရုတ်ဩဇာခံများဖြစ်ပြီး တရုတ်၏ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်နှင့် တယ်လီဂရမ် စာမျက်နှာ များတွင် ပျံ့နှံ့လာခဲ့သည်။

ထို့ကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စ၊ ရှမ်းမြောက်စစ်ဆင်ရေးနှင့် တရုတ်၏ မူဝါဒ သဘောထား အခြေအနေကို သိရှိနိုင်ရန် တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

ဧရာဝတီတိုင်းမ် – မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ လုပ်ဆောင်နေမှုအပေါ် ဘယ်လိုရှုမြင်မိပါသလဲ။ လက်ရှိ ရှမ်းမြောက်စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တိုင်းရင်းသားလက်နက်တော်လှန်ရေး အဖွဲ့တွေက တရုတ်ဩဇာခံဖြစ်ပြီး တရုတ်က မီးစိမ်းပြလို့ ဆိုတဲ့ ပြောဆိုချက်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

ဦးသန်းစိုးနိုင် – ရှမ်းမြောက်စစ်ဆင်ရေးဟာ တရုတ်က လမ်းဖွင့်ပေးလို့၊ မီးစိမ်းပြလို့ ဆိုတဲ့ကိစ္စတွေ စွပ်စွဲနေပေမဲ့ တရုတ်ကတော့ နှစ်နိုင်ငံနယ်နိမိတ်ကို ကျော်ပြီးတော့ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ပါဘူး။ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့သာလျှင် သူက တိုက်တွန်းနှိုးဆော်ခဲ့တာပါ။ ကိုးကန့်က သူလိုချင်တဲ့ လုပ်ငန်းရှင်ကြီး ၁၁ ဦးဆိုတာလည်း တရုတ်နိုင်ငံထဲမှာတင် ဖမ်းဆီးတာဖြစ်ပါတယ်။ ဗမာပြည်ထဲက လုပ်ငန်းရှင်ကြီးတွေ၊ ‘ဝ’အဖွဲ့က ဗဟိုကော်မတီဝင် နှစ်ဦးကို ကြေညာချက်ထုတ်သလို အခုလည်း အဲဒီလို ကြေညာချက်ထုတ်ပြီး ဖမ်းဆီးပေးဖို့တောင်းဆိုတာပါ။

ဆိုလိုတာက တရုတ်က အချုပ်အချာအာဏာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် ဒီနေ့အထိ လေးစားလိုက်နာတုန်းပါပဲ။ သူကိုယ်တိုင် မြောက်ပိုင်းလှုပ်ရှားမှုထဲမှာ ပါဝင်စွက်ဖက်တာ၊ ပံ့ပိုးတာဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီ လက်အောက်မှာ ရှိနေတဲ့ မူဆယ် နမ့်ခမ်းဘက်ကလည်း သူတို့ လက်လှမ်းမှီသမျှကို ဖမ်းဆီး ပို့ဆောင်နေပါတယ်။ အခုမူဆယ်မှာဆိုရင် ၂၇၀၀ လောက်ထိတောင် တရုတ်ပြည်ပြန်ပို့တာ ရှိနေပြီလို့ သိရပါတယ်။ အလားတူ ‘ဝ’၊ မိုင်းလားကလည်း အဲ့လိုပြန်ပို့တာတွေ ရှိနေပါတယ်။ အဲ့တော့ ဆိုလိုတာကတော့ ဒီလောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး တရုတ်ပြည်ရဲ့ အဲ့လိုသဘောထား ပြောင်းလဲလာတဲ့အပေါ်မှာ နယ်စပ် ဒေသမှာရှိနေတဲ့၊ စစ်ကောင်စီရဲ့ အုပ်စိုးမှုအောက်မှာရှိနေတဲ့ ပြည်သူစစ်တွေရော၊ လောင်းကစားဝိုင်းတွေရော။ နောက်ပြီးတော့ ‘ဝ’၊ မိုင်းလားမှာရှိနေတဲ့ လောင်းကစားဝိုင်းတွေလည်း အခုကတော့ ဖြေရှင်းပြီးတဲ့အဆင့် ရောက်ရှိနေပါပြီ။ တရုတ်က နှစ်နိုင်ငံအချုပ်အခြာ အာဏာပိုင်မှုကို ဒီနေ့ထိ လေးစားလိုက်နာတုန်းပဲရှိတယ်။ အဲ့ဒါကြောင့် တချို့သော ခေါင်းဆောင်တွေဟာဆိုရင် သက်ဆိုင်ရာ ဒေသတွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ ဒါက ရှမ်းမြောက် စစ်ဆင်ရေးအောက်မှာ အဲဒီပြဿနာတွေဟာလည်း တစ်ခါတည်း ဖြေရှင်းပြီး ဖြစ်သွား လိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်ဗျ။

ဧရာဝတီတိုင်းမ် – လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ လောက်ကိုင်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်အထူးတပ်ဖွဲ့တွေ ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဒီအခြေအနေက ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲ။

ဦးသန်းစိုးနိုင် – အခုက လောက်ကိုင်ဒေသကနေ တရုတ်ပြည်ထဲကို ထွက်ပြေး တာကလည်း ငါးထောင်လောက် ရှိပါတယ်။ မူဆယ်ကလည်း သောင်းဂဏန်းလောက် ရှိနေပါတယ်။ ဒါကြောင့်မို့ ဒုက္ခသည်တွေလက်ခံဖို့အတွက် လက်မှတ်ရေးထိုး ထားခြင်းမရှိတဲ့ တရုတ်ကတော့ အဲ့တာတွေ ပြန်ထုတ်ဖို့အတွက် နယ်စပ်ဒေသ လုံခြုံရေးကိုတင်းကျပ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကို ကူးပြီးတော့ ဖမ်းဆီးတာ၊ ဝင်ရောက်တိုက်ခိုက်တာဆိုတဲ့ သတင်းအချက်အလက်ကတော့ မြေပြင်မှာ မရှိသေးပါဘူး။ တကယ်ကတော့ တရုတ်က နှစ်နိုင်ငံအချုပ်အခြာ အာဏာပိုင်မှုနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို ဒီနေ့အထိ အသိအမှတ်ပြုဆဲပဲ ဖြစ်ပါတယ်လို့ ကျွန်တော်တော့ တွေ့နေရပါတယ်ဗျ။

ဧရာဝတီတိုင်းမ် – လက်ရှိ ရှမ်းမြောက် စစ်ဆင်ရေးနဲ့အတူ ကိုးကန့်နဲ့ တရုတ်အကြား ဆက်ဆံရေးအပေါ်ကို ဘယ်လိုသုံးသပ်မိပါသလဲ။

ဦးသန်းစိုးနိုင် – ဒီမြောက်ပိုင်းစစ်ဆင်ရေး ၁၀၂၇ မှာတော့ အဲဒီအကြောင်း ပါပြီးသားပါ။ နယ်စပ်ဒေသမှာ အွန်လိုင်းလိမ်လည်မှုတွေ လုပ်နေတဲ့ကိစ္စတွေကို သူတို့အနေနဲ့ တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ ကိုက်ညီစွာ သူတို့ဘက်ကလည်း ဆန့်ကျင်တယ်။ ဖျက်သိမ်းမယ်၊ တားဆီးကန့်ကွက်မယ်၊ တားဆီးမယ်ဆိုတဲ့ ကိစ္စတွေ သူတို့ပြောပြီးဖြစ်ပါတယ်။ အဲဒီမူဝါဒအတိုင်း ဆက်ပြီးလုပ်သွားပါလိမ့်မယ်။

ဧရာဝတီတိုင်းမ် – ရှမ်းမြောက်စစ်ဆင်ရေးအပေါ် တရုတ်ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ ဘယ်လိုသုံးသပ်မိပါသလဲ။

ဦးသန်းစိုးနိုင် – ဒီမှာ “တရုတ်က တရုတ်” လို့ တစ်ကမ္ဘာလုံးက ပြောတဲ့ကိစ္စတွေက ကျွန်တော်တို့ နယ်စပ်ဒေသက ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ကောင်းစွာ နားမလည်ပါဘူး။ ကျွန်တော်တို့ကတော့ အဲဒီဒေသမှာ အနှစ် ၂၀ လောက်နေလာတော့ ဒါတွေက သဘောထားက ရှင်းရှင်းပဲသိပါတယ်။ ကျွန်တော်တို့ပြောနေတဲ့ တရုတ်ကဆိုတဲ့ တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒ၊ ပေါ်လစီတွေ ရှိပါတယ်။ အဲဒါတွေကတော့ နယ်စပ်ဒေသမှာ ငြိမ်းချမ်းစေချင်တယ်၊ ဖြစ်နေတဲ့တိုက်ပွဲတွေရပ်ပါ။ ဒါမျိုးတွေတော့ သူကပြောမြဲရှိပါတယ်။

ဒါပေမဲ့ နယ်စပ်ဒေသမှာ ဆက်ဆံနေရတဲ့ ယူနန်ပြည်နယ်က တရုတ်အရာရှိတွေနဲ့ ဆက်ဆံရေးကတော့ ကျွန်တော်ထင်တယ်။ အနှစ် ၃၀ ကျော် ၄၀ ရှိပါပြီ။ အဲဒီဒေသတွေမှာတော့ လက်နက်အရောင်းအဝယ်တွေ၊ မူးယစ်ဆေးဝါး အရောင်းအဝယ်တွေ နောက်ပြီးတော့ လက်နက်နဲ့ ပတ်သက်ပြီးတော့ ပံ့ပိုးကူညီမှုတွေ။ ဒါတွေက အရင်တုန်းက ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ဝင်ရောက်တယ်ဆိုတာ တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒနဲ့ ပေါ်လစီပါ။ အဲဒါနောက် လိုက်လုပ်ကြတဲ့အတွက် ဆက်ဆံမှုရှိနေခဲ့ကြတာ။ အဲ့တော့ ဒီနေ့ကာလလည်း ယူနန်ပြည်နယ်မှာရှိတဲ့ တရုတ် အာဏာပိုင်တချို့နဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားထဲမှာ အပေးအယူတွေ၊ လက်နက်အရောင်းအဝယ်တွေ ဒါတွေက ရှိနေခဲ့တာပါ။ ဒါကို တရုတ်ဗဟိုအစိုးရရဲ့ ပေါ်လစီအဖြစ် ကျွန်တော်ကတော့ မမြင်ပါဘူး။ ဒါတွေက အရင်ကလဲရှိတယ်၊ အခုလည်းရှိတယ်၊ နောင်လည်း ကာလတစ်ခုထိ ဆက်ရှိနေမှာလို့ ကျွန်တော်က ယူဆပါတယ်။ ဒါပေမဲ့ အဲဒါဟာ နယ်စပ်ဒေသမှာ ရှိနေတဲ့ ယူနန်ပြည်နယ်က ဆက်ဆံရေးတချို့သာဖြစ်ပြီးတော့ တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒနဲ့ မဆိုင်ဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်ဗျ။

ဒါကြောင့်မို့ တရုတ်က မီးစိမ်းပြတယ်လို့၊ ဘယ်တရုတ်က မီးစိမ်းပြတာတုန်း။ ယူနန်ပြည်နယ်ကတော့ နဂိုကတည်းကိုက လက်နက်ကိုင်အင်အားစုတွေနဲ့ ဆက်ဆံတာ၊ အပေးအယူလုပ်တာ အရင်က လည်းရှိတယ်။ အခုလည်းရှိတယ်၊ နောင်လည်း ရှိနေဦးမှာ။ ဒါပေမယ့် တရုတ်ဗဟို အစိုးရရဲ့ ပေါ်လစီအရကတော့ သူက မြန်မာပြည်ရဲ့ အရေးအခင်းမှာ ပါဝင်စွက်ဖက်တဲ့ သဘောထား မရှိပါဘူး။ အထောက်အထားလည်း မရှိပါဘူး။ သူက ပြောဆိုနေတာတော့ စစ်ပွဲတွေရပ်တန့်ဖို့၊ တည်ငြိမ်အေးချမ်းတဲ့အခြေအနေတခုကို တည်ဆောက်ဖို့၊ စေ့စပ်ဆွေးနွေးဖို့ပဲ ပြောနေတာ။ အဲ့သဘောထားအတိုင်း တရုတ်က ရပ်တည်နေတာ ဖြစ်တယ်။ အဲဒီထဲမှာ ခုနက ယူနန်ပြည်နယ်က ပုဂ္ဂိုလ်တချို့နဲ့ လက်နက်ကိုင် အင်အားစုတွေကြားထဲမှာ ရှိနေတဲ့ အဆက်အသွယ်တွေ၊ အရောင်းအဝယ်တွေ အဲ့လိုရှိနေတာကို တရုတ်ရဲ့ ပေါ်လစီလို့ ပြောရင် မှားတယ်လို့ပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

ဧရာဝတီတိုင်းမ် – ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။

ဦးသန်းစိုးနိုင် – ဟုတ်ကဲ့။ မရှိတော့ပါဘူး။