ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

ဆီးရီးယားနိုင်ငံမှာ အရပ်သားတွေအပေါ် ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေ အသုံးပြုမှုနဲ့ပတ်သက်လို့ ပြင်သစ်တရားသူကြီးတွေက ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၊ သူရဲ့အစ်ကို မာဟာအယ်လ်အာဆတ်နဲ့ အကြီးတန်း တာဝန်ရှိသူ ၂ ဉီးကို ဖမ်းဆီးဝရမ်းတွေ ထုတ်လိုက်တယ်လို့ သိရပါတယ်။

လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လအတွင်း ဒိုမာမြို့နဲ့ အရှေ့ပိုင်းဂိုတာခရိုင်တို့က ဓာတုတိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ပြီးနောက် ဖမ်းဝရမ်းတွေ ထုတ်လိုက်တာဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုမြောက်တဲ့ ၂၀၁၁ ခုနှစ်၊ လူထုဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ လက်တုံ့ပြန် ခဲ့တဲ့ ဆီးရီးယားသမ္မတကို နိုင်ငံတကာက ဖမ်းဝရမ်းထုတ်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဂိုတာခရိုင်မှာဖြစ်ပွားခဲ့တဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာက ဖမ်းဝရမ်းထုတ် တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံမှာ အမှုကို တိုင်ကြားခဲ့တဲ့ မီဒီယာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြော ကြားခွင့် ဆီးရီးယားစင်တာ (SCM) တည်ထောင်သူ မာဇန်ဒါဝစ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တေွ အသုံးမပြုဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဆီးရီးယားအစိုးရဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလ တိုက်ခိုက်မှုတစ်ခုမှာ ကလိုရင်းကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ပိတ်ပင်ထားသော ဓာတုလက်နက်များဆိုင်ရာ အဖွဲ့အစည်းက တွေ့ရှိခဲ့ပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့အကြီးအကဲတွေဟာ တရားစွဲဆိုမှုမှ သက်ညှာခွင့်ရတာကြောင့် သူတို့ အတွက် ဖမ်းဝရမ်းထုတ်တာ ရှားပါးဖြစ်စဉ်ဖြစ်ပါတယ်။

နိုင်ငံ့အကြီးအကဲတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမဆန်သော ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူး လွန်ပါက နိုင်ငံတကာဉပဒေအရ ချွင်းချက်အနေနဲ့ သက်ညှာခွင့်မရပါဘဲ ဖမ်းဝရမ်း ထုတ်ခံရပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က လက်ရှိမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆူဒန်သမ္မတ ဟောင်း အိုမာအယ်လ်ဘာရှာတို့ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ကိုးကား – Reuters
Ref; France issues arrest warrant for Syria’s President Assad, source says

#Ayeyarwaddy_Times