ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၆ ရက်

ကရင်နီပြည်နယ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းသိမ်းစောင့်ရှောက်ထားသည့် လွိုင်ကော်တက္ကသိုလ်၏ ပါမောက္ခချုပ် သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီများက ပြောဆိုနေကြသော်လည်း လွိုင်ကော်တက္ကသိုလ်‌ ပါမောက္ခချုပ်မှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ၏ လက်အောက်တွင် ကျန်းမာစွာ ရှိနေကြောင်း သိရသည်။

“သူ(ပါမောက္ခချုပ်)ကောင်းမွန်စွာ နဲ့ ကျန်းကျန်းမာမာရှိပါတယ်။ လုံခြုံစွာလည်း ရှိပါတယ်။ ကရင်နီ IEC ရဲ့ ပြည်ထဲရေးအောက်မှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ် ” ဟု ကရင်နီ သတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင်အဆိုပါ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၏ မိသားစုဝင်များကိုလည်း ဆက်သွယ်ထားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက အထိုင်ချတပ်စွဲထားသည့် လွိုင်ကော်မြို့ပေါ်ရှိ လွိုင်ကော် တက္ကသိုလ် သိုလ်ကိုပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လွိုင်ကော်တက္ကသိုလ်ရှိ Non CDM ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင် ၁၉၈ ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ခဲ့ ခြင်းဖြစ်သည်။

“အဲ့ဒီထဲမှာပါတဲ့ ပါမောက္ခတွေအပါအဝင် အခြားသူ‌တွေ အားလုံးက အသက်ရှင် လျက်ရှိပြီးမှ ဓာတ်ပုံတွေရော၊ ဗွီဒီယိုတွေရော ထုတ်ပြန်ပေးမဲ့အခြေအနေမျိုးရှိပါတယ်။ Non CDM တွေကို သတ်ဖြတ်လိုက်တာတွေ၊ နှိပ်စက်ညှင်းပန်းတာတွေမဖြစ်အောင် လုံခြုံရေးနဲ့တကွထားပေးပြီး Non CDM ပေါ်လစီအတိုင်း အရေးယူဆောင်ရွက်ပြီးရင် သူတို့တွေကိုပြန် လွှတ်ပေးမှာ ဖြစ်ပါတယ်” ဟု KNDF ဥက္ကဌခွန်ဘီထူးကလည်း ဧရာဝတီတိုင်းမ်ကို ဖြေကြားထားသည်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ပေးခဲ့သော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များနှင့် ဝါဒဖြန်မီဒီယာအချို့တွင်မူ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲပြော ဆို‌နေပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း လွိုင်ကော်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများကို ကယ်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဆိုချက်ကို နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ Non CDM ပညာဝန်ထမ်းများကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ တပ်စွဲကာ စခန်းချပစ်ခတ်မှုများပြုလုပ်နေသည့် လွိုင်ကော်တက္ကသိုလ်‌ ကျောင်းဝင်း အတွင်းမှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲကာ စခန်းချပစ်ခတ်မှုများ ပြုလုပ်နေသော်လည်း စစ်ကောင်စီ လက်ဝေခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့ ၁၁ ဖွဲ့အပါအဝင် အဖွဲ့ အစည်းပေါင်း ၂၀ က “လွိုင်ကော် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်သူများကို အဓမ္မဖမ်းဆီးခေါ် ဆောင်သွားသည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း” သဘောထားထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – IEC
#ကရင်နီ #စစ်ကောင်စီလော်ဘီ #လွိုင်ကော်တက္ကသိုလ် #ပါမောက္ခချုပ် #အသက်ရှင်ကျန်းမာ #Ayeyarwaddy_Times