နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်ချထားသည့် မင်းကွန်းနယ်မြေ ရဲစခန်း အနီးအနားတွင် နေထိုင်သော ဒေသခံပြည်သူများ အဆိုပါရဲစခန်းအနီးမှ ပြောင်းရွှေ့နေထိုင်ပေးကြရန် “မင်းကွန်း” ဒေသကာကွယ်ရေးတပ်ဖွဲ့ (Mingun People Defenceforce ) က ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သတိပေး ကြေညာထားသည်။

မင်းကွန်းရဲစခန်း အနီးအနားရှိ ဒေသခံများအနေဖြင့် ပြောင်းရွှေ့ရာတွင် လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နောက်ဆုံးထားပြောင်းရွှေ့ရန်လိုအပ်ပြီး ကြိုတင်ရှောင်ရှား နိုင်ရန်အတွက် အသိပေးခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“မင်းကွန်းရဲစခန်း အနီးမှာနေထိုင်နေသူတွေနဲ့ ဈေးရောင်းချနေတဲ့ ဈေးသည်တွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားနိုင်ဖို့ သတိပေးတာပါ။ ကြိုကြိုတင်တင် လုပ်ဆောင်နိုင်အောင် နိုဝင်ဘာလ (၁၉)ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းပေးဖို့ အသိပေးထုတ်ပြန်ထားပါတယ်” ဟု Mingun People Defenceforce တပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ကြိုတင်အသိပေးထားပြီးဖြစ်၍ တစုံတရာ ထိခိုက်မှုများရှိလာပါက မင်းကွန်း PDF တပ်ဖွဲ့အနေဖြင့် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ ဒေသခံပြည်သူများအနေဖြင့် ပေါ့လျော့မှုမရှိဘဲ ရွှေ့ပြောင်းပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်အကွာတွင်ရှိပြီး အဆိုပါ မင်းကွန်းရဲစခန်းအတွင်းတွင် စစ်ကောင်စီတပ်က အင်အားအပြားဖြင့် အခိုင်အမာ စခန်းချကာ တည်ဆောက်ထားကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-မင်းကွန်းရဲစခန်း

#မင်းကွန်းရဲစခန်းအနီး #နေထိုင်သူများရွှေ့ပြောင်းပေးရန် #ဒေသကာကွယ်ရေးတပ်ဖွဲ့ #သတိပေး #Ayeyarwaddy_Times