
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၅ ရက်
ကရင်နီပြည်နယ်အတွင်း ဖော်ဆောင်နေသည့် “၁၁.၁၁ စစ်ဆင်ရေး” ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များမှာ လက်နက်ချ အညံ့ခံခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံက သိရသည်။
လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် တပ်မ (၆၆) လက်အောက်ခံ ခမရ-၄၂၅ နှင့် ခမရ-၆ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့တိုက်ခိုက်ရာတွင် ခမရ-၄၂၅ တပ်ရင်းမှူး နှင့် ဒုတိယတပ်ရင်းမှူးအပါအဝင် တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ-၆ ၏ အင်အား တစ်ဝက်နီးပါးမှာလည်း သေဆုံးခဲ့၍ တပ်ခွဲမှူးကောင်းမြတ်ကို ဦးစီးသည့် တပ်သား ၃၂ ဦးမှာ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီရက်ပိုင်းထိ လွိုင်ကော်ပတ်ချာလည်မှာ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲ ဖြစ်ပါတယ်။ စစ်ကောင်စီက မနေ့က(နိုဝင်ဘာ၁၄) ညအထိ လက်နက်ကြီးတွေ လေယာဉ်ပျံတွေနဲ့ နေအိမ်တွေ ရွာတွေကို ဗုံးကြဲတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ တိုက်ပွဲတွေ တစ်လျောက်လုံးမှာကတော့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ကျဆုံးမှုတွေ ရှိပါတယ်။ မနေ့ကဆိုရင် KNDF ဘက်က သုံး ဦးကျဆုံးတယ်။ စစ်ကောင်စီဘက်ကတော့ အများအပြားသေဆုံးတာရှိသလို အထူးသဖြင့် လက်နက်အမြောက်အများကိုလည်း သိမ်းဆည်းရမိတယ်။ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာရှိပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌခွန်ဘီထူး ကဧရာဝတီတိုင်းမ်ကို ပြောသည်။
လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း နှစ်ရင်းလုံးကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်း အမြောက်အများကို သိမ်းဆည်း နိုင်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
KNDF ထံ လက်နက်ချအညံ့ခံသည့် စစ်သုံ့ပန်းများကို KNDF ၏ စစ်ဖက် ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အဝပေးကာ ထိန်းသိမ်း ထားကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
#လွိုင်ကော် #လွိုင်ကော်တက္ကသိုလ် #စစ်ကောင်စီစစ်သုံ့ပန်း #ဖမ်းဆီးရမိ #၁၁၁၁စစ်ဆင်ရေး #KNDF #Ayeyarwaddy_Times