ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၅ ရက်

စစ်ကောင်စီ၏ ရုံးစိုက်ရာ နေပြည်တော်ကို စစ်ရေးလမ်းကြောင်းများ ကျွံ၀င်မလာစေရန် အတွက် ခံစစ်၊ ကာစစ်များကို ဦးစားပေးဆောင်ရွက်နေကြောင်း သိရသည်။

နေပြည်တော်အထက်ပိုင်းတွင်ရှိသည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးစသည့် တိုင်းဒေသများတွင် စစ်ကောင်စီတပ် အင်အားတိုးချဲ့ကာ ဦးစားပေးအဆင့် ခံစစ်ပြင်ဆောင်ရွက်နေပြီး နေပြည်တော်ကို စစ်ရေးအရခြိမ်းခြောက်နိုင်သည့် ကရင်နီပြည်နယ်ကိုလည်း ထိန်းချုပ်နိုင်ရန် စစ်မျက်နှာများဖွင့်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“အဓိက နေပြည်တော်ကိုရောက်လာနိုင်တဲ့ ကရင်နီဘက်ကို စစ်မျက်နှာတွေ အသင့် ဖွင့်ထားတယ်။ အလယ်ပိုင်းကိုကျတော့လည်း စစ်ကြောင်းတွေရုတ်ထားပြီးတော့ ကာစစ်အသင့်ပြင်ထားတဲ့ အခြေအနေတွေလုပ် ထားတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၄ ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းတွင် ရှိသည့် စစ်ကောင်စီတပ်များကို ရုတ်သိမ်း၍ ရေဦးမြို့ပေါ်သို့ သွားရောက် အင်အား ဖြည့်တင်း နေကြောင်း သိရသည်။

ရေဦးမြို့ပေါ်ရှိ ပျူစောထီးစခန်းများကို ကာကင်းအဖြစ် အသုံးပြုရန်ပြင်ဆင်နေပြီး ကိုယ်ပိုင်ကျောင်းများ၊ ကျူရှင်အဆောင်များတွင် အထိုင်ချတပ်စွဲ၍ မြို့ပတ်ပတ်လည်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ဂိတ်များဖွင့်ကာခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

ရေဦးကို စစ်ကောင်စီအင်အား အလုံးအရင်းဖြင့် ခံစစ် ပြင်ဆင်ထားခြင်းအားဖြင့် တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦးနှင့် ကန့်ဘလူမြို့များကို ထိန်းချုပ်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့သည့်အပြင် မန္တလေးသို့ စစ်ရေးလမ်းကြောင်း ကူးစက်လာမည်ကို စိုးရိမ်၍ ယမန်နေ့ နို၀င်ဘာ ၁၄ ရက်နေ့က စစ်ကား ၁၅ စီးအင်အားအပြည့်ဖြင့် မတ္တရာမြို့နယ်အတွင်း အင်အားဖြည့်တင်းမှုများပြု လုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် နေပြည်တော်ကို အထိုင်ချစခန်းအဖြစ်အသုံးပြုပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရေဦး၊ ကရင်နီ တို့တွင် ယခုကဲ့သို့ ကာစစ်အသုံးပြု၍ အင်အား‌များ တိုးချဲ့ချထားခြင်းဖြစ်ကြောင်း သိရ သည်။

#နေပြည်တော် #မန္တလေး #ကာစစ်ခံစစ်ပြင်ဆင် #Ayeyarwaddy_Times