ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

နယ်စပ်ဒေသလုံခြုံရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက နိုဝင်ဘာလ ၁၄ ရက်မှာ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ အရှိန်မြှင့်လာတဲ့အပေါ် စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပါ တယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တိုက်ပွဲတွေကိုရည်ညွှန်းကာ ပြောပါတယ်။

“တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် လက်တွေ့ကျသော ထိရောက်တဲ့ အစီအ မံတွေ လုပ်ဆောင်ဖို့ မြန်မာစစ်ကောင်စီကို ကျွန်မတို့ တောင်းဆိုပါတယ်” လို့ သူက ပေကျင်းမြို့တော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲ တွေ ပြင်းထန်ခဲ့ပါတယ်။

ကိုးကန့်အဖွဲ့ (MNDAA)၊ တအောင်းအဖွဲ့ (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့က ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ စစ်ကောင်စီစခန်း အများအပြားနဲ့ မြို့ ၄ မြို့ကို ထိန်းချုပ်ကာ တရုတ်နိုင်ငံကိုသွားတဲ့ အရေးပါသော ကုန်သွယ် ရေးလမ်းကြောင်းတွေကို ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရာနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပြီး ပြည်သူအချို့က အိန္ဒိယနိုင်ငံပိုင်နက် ထဲ ဝင်ရောက်ခဲ့ပါတယ်။

စစ်တပ်ဟာ လွန်ခဲ့သော ၂ နှစ်ကျော်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံမှာ လက်ရှိ စစ်ကောင်စီက အုပ်ချုပ်နေပါတယ်။

ကုလသမဂ္ဂဟာ ရှမ်းပြည်နယ်က ပြင်းထန်သော တိုက်ပွဲတွေကြောင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြော ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ ထောင်ပေါင်းများစွာသောပြည်သူတွေ အိုးအိမ်စွန့်ခွာရမှုသတင်းတွေကို ထောက်ပြလိုက်ပါတယ်။

ဖြစ်နိုင်သမျှစောပြီး အပစ်အခတ်ရပ်စဲဖို့၊ အခြေအနေ တင်းမာလာမှုကိုရှောင်ကြဉ်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေက တစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက တိုက်တွန်း တယ်လို့ မော်နင်က ဆိုပါတယ်။

ကိုးကား – Anadolu
Ref; China calls on Myanmar junta to ensure security on border amid fighting

#Ayeyarwaddy_Times