ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၅ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး စစ်ရှိန်မြင့်လာသည်နှင့် အညီ တိုက်ပွဲဧရိယာများလည်း တစ်နိုင်ငံလုံးအထိပြန့်နှံ့လာပြီးဖြစ်သည်။
ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် မဟာညီနောင်အဖွဲ့များ ယခုအတိုင်း ဟန်ချက်ညီညီဖြင့် စစ်ရှိန်မြှင့်သွားပါက PDF ရဲဘော်များ မိမိဇာတိနေအိမ်များသို့ အရောက်ပြန်နိုင် သည်အထိ စစ်ဆင်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်မည်ဟု ညီနောင်မဟာမိတ်က ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။
အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၁၉ ရက်တာကာလအတွင်း သတ်မှတ်ထားသည် စစ်ရေးပစ်မှတ်များကို သတ်မှတ်ထားသော အချိန်အတွင်း ထိထိရောက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသော လက်ကျန်ပစ်မှတ်များကိုလည်း တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ဆိုသည်။
ထို့ပြင် ညီနောင်မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးအဓိကနေရာ ဖြစ်သည့် လောက်ကိုင် ဒေသကို ရောက်ရှိအောင် ဆက်လက်ချီတက် တိုက်ပွဲ၀င်နေပြီး လောက်ကိုင်ဒေသသို့ တိုက်ခိုက် သိမ်းပိုက်မည့်နေ့သို့ ရောက်ရှိလာတော့မည်ဟု အသိပေးထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေးစသည့် မြေပြန့်ဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့ များကလည်း မိမိတို့ဒေသကို ပြန်လည်ရရှိအောင် စစ်ဆင်ရေးကြီး အောင်မြင်အောင် ဆင်နွှဲနိုင်ရမည်ဖြစ်ပြီး စစ်ကောင်စီ၏ အရေးပါသည့်စစ်စခန်းများကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာနိုင်သည့်အပြင် ကရင်နီ၊ ချင်း၊ ရခိုင် ပြည်နယ်တို့တွင်ပါ ထိုးစစ်ဆင်၍ မြို့သိမ်းတိုက်ပွဲများပါ ဆင်နွှဲနိုင်လာပြီဖြစ်ကြောင်း ဆိုထားသည်။
ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်နယ်တွင် နို၀င်ဘာ ၁၃ ရက်နေ့ ကစတင်၍ စစ်ဆင်ရေးကို ဟန်ချက်ညီဆင်နွှဲခဲ့ပြီး ယင်းနေ့တွင်ပင် နယ်ခြားစောင့်တပ်အပါအ၀င် စစ်စခန်း နှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ရဲစခန်းပေါင်း ၄၀ ကျော်အား စခန်းစွန့်ခွာထွက်ပြေးသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဟန်ချက်ညီတိုက်ပွဲများ ဆင်နွှဲရာတွင် စစ်ကောင်စီက နယ်မြေများကို ကုန်းလမ်း၊ ရေလမ်းများပိတ်ဆို့ခြင်း၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက် ကာ လေကြောင်းမှတိုက်ခိုက်ခြင်းများကို အစဉ်တစိုက် ပြုလုပ်နေသည်ကို သိထားရမည်ဖြစ်ကြောင်း ဆိုသည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးသည် တစ်နိုင်ငံလုံးမှ ပြည်သူတရပ်လုံးပါ၀င်သော စစ်ဆင်ရေးသို့ ကူးပြောင်းနိုင်မှသာ စစ်ဆင်ရေးအထမြောက်အောင်မြင် နိုင်ပြီး စစ်ဆင်ရေးတွင် လူတိုင်းပါ၀င်ကာ လိုအပ်သည့် စစ်ရေးအကူအညီ အထောက်အပံ့များ ကိုပေး နိုင်အောင်ကြိုးစားရမည်ဟု တိုက်တွန်းထားသည်။
ထိုသို့ တနိုင်ငံလုံး ပါ၀င်တော် လှန်နိုင်မှသာ စစ်အာဏာရှင်အမြစ်ပြုတ်မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က အသိပေးထားသည်။
ပုံစာ-ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှ ပြန်လာသည့်ရဲဘော်များအားတွေ့ရစဉ်
#ညီနောင်မဟာမိတ် #PDF #၁၀၂၇စစ်ဆင်ရေး #အောင်မြင်အောင်တိုက်မည် #Ayeyarwaddy_Times