ဧရာဝတီတ်ိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
တစ်လေးလုံး စစ်ဆင်ရေးအဖြစ် ကရင်နီပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ကရင်နီပြည်နယ်၏ နောက်ဆုံးအခြေအနေများ အပါအဝင် Non CDM နှင့် ပတ်သက်ပြီး KNDF ဥက္ကဌ ခွန်းဘီထူးကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြထားခြင်းဖြစ်သည်။
မေး__ လွိုင်ကော်မြို့ကို တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို သိမ်းတဲ့အခါမှာ Non CDM တွေကို ဘယ်လိုစီစဉ်တယ်။ နောက်ပြီးပြည်သူတွေရဲ့ အခြေအနေကို သိချင်ပါတယ်။
ဖြေ __ ကျွန်တော်တို့ ဒီရက်ပိုင်းထိ လွိုင်ကော်ပတ်ချာလည်မှာ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲဖြစ်ပါတယ်။ အဲ့တော့ လွိုင်ကော် နောင်ယားဘက် ၀န်းကျင်လောက်မှာပေါ့နော် ပြီးရင်တော့ ချိကယ် ဘက်မှာလည်း တိုက်ပွဲတွေရှိနေပြီးမှ စစ်ကောင်စီက မနေ့ညအထိ လက်နက်ကြီးတွေ လေယာဉ်ပျံတွေနဲ့ နေအိမ်တွေ ရွာတွေကို ဗုံးကြဲတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ ဒီရက်ထိလူထုတွေ အများအပြားထွက်သွားနေကြတယ်ပေါ့နော်။ တိုက်ပွဲတွေတစ်လျောက်လုံးမှာကတော့ တော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးမှုတွေရှိပါတယ်။ မနေ့ကဆိုရင် KNDF ဘက်က သုံး ဦးကျဆုံးတယ်။ စစ်ကောင်စီဘက်ကတော့ အများအပြားသေဆုံးတာရှိသလို အထူးသဖြင့် လက်နက်အမြောက်အများကိုလည်း သိမ်းဆည်းရမိတယ်။ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာရှိပါတယ်။
ကျွန်တော်တို့ Non CDM တွေ တစ်ဖွဲ့ကို လွိုင်ကော်တက္ကသိုလ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတွေ့ရှိတယ်။ စစ်ကောင်စီက အဲ့မှာ လုံခြုံရေးယူရင်းနဲ့တိုက်ပွဲတွေဖြစ်ပြီးမှ တက္ကသိုလ်ပတ်ချာလည်ကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်။ အဲ့ဒီ Non CDM ၁၃၀ ကျော်ပေါ့နော် သူတို့မိသားစုအပါအ၀င် အားလုံးပေါင်း ၁၇၀ ကျော်ကို လုံခြုံတဲ့တစ်နေရာမှာ ပို့ထားနိုင်တယ်။ အဲ့ဒီအတွက်ကိုလည်း IEC ပြည်ထဲရေးဖက်ကနေပြီးမှ စာတွေထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အစီစဉ်ကတော့ Non CDM တွေကို သတ်ဖြတ်လိုက်တာတွေ ညှင်းပန်းနှိပ်စက်တာတွေမဖြစ်အောင် လုံခြုံရေး နှင့်တကွ ထားပေးပြီးမှ သူတို့ရဲ့ရာထူးနဲ့ လုပ်ငန်းတာ၀န်တွေ အချက်အလက်တွေကို မှတ်တမ်းယူနေပါတယ်။ ပြီးရင်တော့ Non CDM ပေါ်လစီ အတိုင်း သင့်တော်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ပြီးရင် သူတို့တွေအားလုံးကိုလွှတ်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာပါနေတဲ့ ပါမောက္ခတွေ အပါအ၀င် အခြားလူတွေအားလုံးက အသက်ရှင်လျက်ရှိပြီးမှ ဓာတ်ပုံတွေကော ဗီဒီယိုတွေကော ထုတ်ပြန်ပေးမယ့် အခြေအနေမျိုးရှိပါတယ်။ အစိုးရနှစ်ရပ်ကို ထောက်ခံမှုမတူတဲ့ လူတွေရှိနိုင်သော်လည်း ကျွန်တော်တို့ဘက်က ညှင်းပန်းနှိပ်စက်တာတွေ စစ်သုံ့ပန်းဥပဒေထက်ကျော်လွန်ပြီးမှ အရပ်သားတွေကို သတ်ဖြတ်တာတွေကို တားဆီးပြီး ရှောင်လွှဲဖို့လုပ်မှာဖြစ်ပါတယ်။ ဘယ်သူမှကျူးလွန်ဖို့အတွက်ကို ခွင့်ပြုမှာ မဟုတ်ပါဘူး။
မေး__ တစ်လေးလုံးစစ်ဆင်ရေးရဲ့ လက်ရှိအခြေအနေကိုပြောပြပေးလို့ရမလား။
ဖြေ__ မြို့သိမ်းတိုက်ပွဲလို့ပြောရမှာပေါ့နော်။ ၁၁ရက် ၁၁ လမှာ စပြီးမှ စစ်ဆင်ရေး လုပ်တယ့်ဟာတွေအားလုံးက ဒီတိုင်းဆက်သွားဖို့ရှိပါတယ်။ အဲ့တော့ မြို့တွင်းမှာ ရှိတယ့်လူထုတွေအနေနဲ့ဘေးလွတ်ရာ ကိုရွေ့ပြောင်းနိုင်ဖို့ကို ကျွန်တော်တို့ ဆက်ပြီးမှ တင်သွားပေးတယ်။ ထွက်သွားတဲ့ အချိန်မျိုးမှာလည်း အခုဆိုရင် သက်သာတဲ့လမ်းကြောင်းတွေပေါ့နော် စစ်ကောင်စီဘက်က တချို့လမ်းတွေကို မဖွင့်ပေးသော်ငြားလည်း အခုဆိုရင် လူတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ထွက်သွား နိုင်တယ့်အတွက် သတင်း အချက်အလက်တွေကို သက်ဆိုင်ရာ ညွှန်ကြားစာတွေ သက်ဆိုင်ရာကပြောတဲ့ဟာတွေကို လိုက်နာပေးဖို့ပေါ့နော်။ အဲ့ဒီအတိုင်းကိုထွက်သွားရင်တော့ အပြင်ဘက်မှာ လူသားချင်းစာနာထောက်ထားကူညီရေးအသင်းအဖွဲ့တွေရော ကယ်ဆယ်ရေးအဖွဲ့တွေရော ရှိနေပြီးမှ ထွက်သွားလို့ရတယ့် အခြေအနေမျိုးရှိပါတယ်။
မေး__ မယ်စဲ့မြို့ကိုလည်း သိမ်းထားနိုင်တယ်ဆိုပြီးသတင်းတွေတွေ့ရတယ်ပေါ့နော်။ လက်ရှိမယ်စဲ့မြို့ရဲ့အခြေအနေကိုရော ပြောပြပေးလို့ရမလား။
ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေက ဆက်ပြီးတော့တိုးသွားမှာဖြစ်တယ်။ မယ်စဲ့အပါအ၀င် အခြားမြို့တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေအုံး မှာဖြစ်ပါတယ်။ အထူးသဖြင့် မိုးဗြဲဘက်မှာလည်း မနေ့ညမှာဆိုရင် တိုက်ပွဲတွေပြင်းထန်နေပြီးမှ အခြားမြို့မှာရှိတဲ့ စစ်ကောင်စီတပ်အချို့ကလည်း ပြန်ပြီးမှ ထိုင်တာတွေရှိနေတယ်ပေါ့နော်။ စစ်ရေးနည်းနဲ့ ဖြေရှင်းတာကတော့ သိပ်မသင့်တော်ပေမယ့် ရွေးချယ်စရာမရှိဘူး။ အာဏာသိမ်းစစ်ကောင်စီဘက်က လက်နက်ကြီးတွေရော လေယာဉ်တွေရော လူအင်အားအများအပြားတွေနဲ့ အုပ်ချုပ်ရေးတွေ ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ဆက်တိုက်လုပ်နေတဲ့အတွက် ကျွန်တော်တို့ဘက် ကတော့ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ပဲ တစ်ခုတည်းသော ရွေးချယ်စရာ ဖြေရှင်းစရာတွေဖြစ်နေတယ်။
မေး__ လက်ရှိ ကရင်နီပြည်နယ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဘယ်လောက်ထိထိန်းချုပ်ထားနိုင်ပြီလဲဆိုတာရော ပြောပြပေးလို့ရမလား။
ဖြေ__ ကျွန်တော်တို့ရဲ့ တိုက်ပွဲတွေအားလုံးကလည်း တိုင်းရင်းသားအသီးသီးနဲ့လည်း ချိတ်ဆက်သွားနေတဲ့အတွက် ကျွန်တော်တို့ အောင်မြင်လိမ့်မယ်။ ဒီအပေါ်မှာ လူထုတွေ စစ်ရှောင်ရတယ် ။ ထိခိုက်သေကျေ ကြရတဲ့အပေါ်မှာ အထူးတလည် စိတ်မကောင်းပါဘူး။ ဒါကလည်း ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် ဒီလိုစိန်ခေါ်မှာမျိုး ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်မှသာလျင် အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့အတွက် ဆက်ပြီးမှ တိုက်ခိုက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။
အခုလိုဖြေကြားပေးတာ ဧရာဝတီတ်ိုင်းမ်သတင်းဌာနအနေဖြင့် ကျေးဇူးတင်ပါတယ်