
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကောင်မရှင် လက်ဝယ်တွင်ရှိသည် ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်ရှိ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ Jasmine Place မြေနေရာအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အဦ ၂၄ နေရာတို့ကို အိတ်ဖွင့် တင်ဒါဖြင့်ရောင်းချမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ကြေညာခဲ့သည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွင်းရှိ မြေဧက၊ မြေကွက်များ၊ တိုက်ခန်းများနှင့် အဆောက်အဦများကို ရောင်းချမည်ဖြစ်ကာ သတ်မှတ်စပေါ်ငွေဖြင့်တင်ဒါတင်သွင်းရမည်ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့အထိ တင်ဒါပုံစံရောင်းချမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမြေနှင့်အဆောက်အဦအပါအဝင် တိုက်ခန်းနှင့် မြေကွက်များကို သွားရောက် ကြည့်ရှုနိုင်ပြီး ဝယ်ယူရန် အဆိုပြုလွှာတင်ရာတွင် မျက်မြင်ကြည့်ရှုပြီး ကြောင်းဝန်ခံချက် ပါဝင်ရမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ Lot . 19 A Jasmine Place မြေ သုညဒသမ ၁၇၂ ဧကနှင့်အဆောက်အဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်) ရွှေပင်လုံရိပ်မွန်အိမ်ရာ၊ မြေသုည ဒသမ ၁၅၉ ဧကနှင့် အဆောက်အဦး၊ ပင်လုံအိမ်ရာစီမံကိန်းရှိမြေကွက်၊ ပန်းဘဲတန်းမြို့နယ်ရှိ မြေညီထပ် တိုက်ခန်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စွတ်တော်စီးတီးအိမ်ရာ အခန်းအမှတ် ၃၀၄ တိုက်ခန်း၊ ရတနာမွန် အိမ်ရာတိုက်ခန်းနှင့် မြေကွက်များပါဝင်သည်။
ပဲခူးတိုင်း၊ ဝေါမြို့၊ ပြည်မြို့နှင့်ပဲခူးမြို့တို့ရှိ မြေကွက်အမှတ်များအပါအဝင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့ရှိ မြေကွက်နှင့်အဆောက်အဦများ ပါဝင်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ကချင်ပြည်၊ မြစ်ကြီးနားမြို့ရှိ မြေဧက၊ အဆောက်အဦနှင့် မြေကွက်လပ်များနှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိမြေဧကနှင့် အဆောက်အဦများ အပါအဝင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြေဧက၊ မြေကွက်နှင့်အဆောက်အဦများရောင်းချရန် တင်ဒါ ခေါ်ယူ ထားကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာနထံက သိရသည်။
ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနှင့် သမိုင်းတန်ဖိုးရှိသည့် ရှမ်းစော်ဘွားမျိုး သာမိုင်းခမ်းဟော်ကို ကလောမြို့နယ် သမဝါယမ အသင်းစုက နှစ် ၃၀ မြေငှားဂရန်ပိုင်ဆိုင်မှုရှိသည် အိမ်ဟော် အဆောက် အအုံအပါအဝင် အဆောင်အအုံနှစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က လေလံတင် ရောင်းချကြောင်းသိရသည်။
လေံတင်ရောင်းချရာတွင် သာမိုင်းခမ်းဟော်ဟု ဖော်ပြထားခြင်းမရှိဘဲ အောင်ပန်းမြို့ လက်မပင်ရပ်ကွက်ရှိ ဆရာစံလမ်းနဲ့ ဆရာခေါင်လမ်းထောင့် မြေကွက် အမှတ် ၆၊ မြေပေါ်မှာ သွပ်မိုး၊ သစ်ကာ၊ သစ်ခင်း ပျဉ်ထောင် ၂ထပ် အိမ်ဟော်ဟုသာ စစ်ကောင်စီ၏ အောက်တိုဘာ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာJasminePlace #နိုင်ငံပိုင်မြေကွက်တိုက်ခန်း #ရောင်းချ #လေလံစနစ် #စစ်ကောင်စီ #Ayeyarwaddy_Times