
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမများနှင့် ဝန် ထမ်း ၁၃၄ ဦးအပါအဝင် ၎င်းတို့၏မိသားစုဝင် ၆၄ ဦးတို့အား ကရင်နီပြည်နယ် တော်လှန်ရေးတပ်များက ကယ်ထုတ်ပေးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ကရင်နီပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်၍ တိုက်ခိုက်နေပြီး မြို့ပေါ်ရပ်ကွက်များအထိပါ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအကြား ပိတ်မိနေသော စစ်ကောင်စီလက်အောက်ရှိ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင် ၁၉၈ ဦးကို ယမန်နေ့က ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနက ထုတ်ပြန်သည်။
“ကျွန်တော်တို့ Non CDM တွေ တစ်ဖွဲ့ကို လွိုင်ကော်တက္ကသိုလ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာတွေ့ရှိတယ်။ စစ်ကောင်စီက အဲ့ဒီမှာ လုံခြုံရေးယူရင်းနဲ့တိုက်ပွဲတွေဖြစ်ပြီးမှ တက္ကသိုလ်ပတ်ချာလည်ကို ကျတော်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်။ အဲ့ဒီ Non CDM တွေနဲ့ သူတို့မိသားစုအပါအ၀င် အားလုံးပေါင်း ၁၉၀ ကျော်ကို လုံခြုံတဲ့ တစ်နေရာမှာ ပို့ထားနိုင်တယ်။ အဲ့ဒီအတွက်ကိုလည်း IEC ပြည်ထဲရေးဖက်ကနေပြီးမှ စာတွေထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌ ခွန်ဘီထူးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ကရင်နီတော်လှန်ရေးတပ်များက ရိုက်နှက်ညှဉ်းပန်း သတ်ဖြတ်နေသည်ဟု အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူများဘက်မှ ဝါဒဖြန့် ပြောဆိုမှုများ ပြုလုပ်နေချိန်တွင် ကရင်နီတော်လှန်ရေးအင်အားစုများက ကယ်ထုတ်ပေးမှုကို ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း KNPP၊ PDF များက လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်ရန်ပြုလုပ်ခဲ့ပြီး ယခုအခါ ကယ်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဆိုထားသည်။
“အဲ့ဒီထဲမှာပါတဲ့ ပါမောက္ခတွေအပါအဝင် အခြားသူတွေ အားလုံးက အသက်ရှင်လျက်ရှိပြီးမှ ဓာတ်ပုံတွေရော၊ ဗွီဒီယိုတွေရော ထုတ်ပြန်ပေးမဲ့အခြေအနေမျိုးရှိပါတယ်။ Non CDM တွေကို သတ်ဖြတ်လိုက်တာတွေ၊ နှိပ်စက်ညှင်းပန်းတာတွေမဖြစ်အောင် လုံခြုံရေးနဲ့တကွ ထားပေးပြီး Non CDM ပေါ်လစီအတိုင်း အရေးယူဆောင်ရွက်ပြီးရင် သူတို့တွေကိုပြန်ပီး လွှတ်ပေးမှာဖြစ်ပါတယ်” ဟု KNDF ဥက္ကဌ ခွန်ဘီထူးက ဆက်လက်ပြောဆိုသည်။
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသားချင်းစာနာ ထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် Non-CDM ဝန်ထမ်းများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးသားပြုစုထားသည့် CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုးကား၍ သော်လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍ သော်လည်းကောင်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ကရင်နီ #လွိုင်ကော်တက္ကသိုလ် #Non-CDM #Ayeyarwaddy_Times