ဧရာဝတီတိုင်းမ်
(ချင်း)၊ နိုဝင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ သိမ်းတိုက်ပွဲတွင် အန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီစစ်သား ၄၃ ဦးကို ယနေ့ နို၀င်ဘာ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် အိန္ဒိယစစ်ရဟတ်ယာဉ်ဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အိန္ဒိဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယစစ်ရဟတ်ယာဥ်ဖြင့် စစ်ကောင်စီတပ်အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မြန်မာ-အိန္ဒိယ၊ နယ်စပ်ချောင်းကို ဖြတ်ကျော်ပြီးတော့ မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ် ကျေးရွာထဲကို ဝင်လာတဲ့အခါ နယ်စပ်မှာရှိတဲ့ အိန္ဒိယစစ်တပ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့က တစ်ည ထိန်းသိမ်းပြီးတော့ ဒီနေ့(နိုဝင်ဘာ၁၄ရက်နေ့)မှာ ပြန်ပို့လိုက်တာ” ဟု မီဇိုးရမ်ပြည်နယ်၊ ကျန်ဖိုင်းသို့ စစ်ဘေးရှောင်နေသည့် မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံ၏အိမ်နီးချင်း အိန္ဒိယသည် စစ်ကောင်စီတပ်နှင့် သံတမန် ဆက်ဆံရေးကောင်းမွန်သည့်အပြင် အိန္ဒိယအစိုးရသည် ယခင်နှစ်ကလည်း စစ်ကောင်စီ တပ်ကို လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ လက်နက်ခဲယမ်း အမြောက်အများသည် အိန္ဒိယစစ်တပ်၏ မကြာခဏဖမ်းဆီးခြင်း ခံရကြောင်း ဒေသတွင်း သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိ ရိခေါဒါရ်မြို့ကို CNAနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ထိန်းချုပ်၍ နယ်မြေ ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ချင်း အမျိုးသားတပ်ဦး(CNF)အလံကို လွှင့်ထူထားသည်။

ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF – Hualngoram ၊ CDF- ထန်တလန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA)နှင့် CDF -Zanniatram (ဇန်ညှက်ရမ်) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုံစာ-အိန္ဒိယဘက်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို စစ်တပ်ရဟတ် ယာဥ်ဖြင့် ပြန်လည်ပို့ဆောင်နေစဥ်
#ချင်းပြည်နယ် #ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီစစ်သား၄၀ကျော် #အိန္ဒိယဘက်ထွက်ပြေး #စစ်ရဟက်ယာဉ်ဖြင့်ပြန်ပို့ #Ayeyarwaddy_Times