
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် – MNDAA၊ တအောင်းပလောင်တပ် – TNLA နှင့် ရက္ခိုင့်တပ်တော် – AA တို့ သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်နေ ပြည်သူများ လိုက်နာရန် စည်းကမ်းချက် ၅ ချက်ကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအရေးပေါ်ကာလအခြေအနေတွင် ပြည်သူများ လုံခြုံရေးနှင့် စစ်ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယခုလို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ၏ မြို့နယ်အုပ်ချုပ်ရေးဌာန ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
အဆိုပါစည်းကမ်းချက်များမှာ အရေးပေါ်ကာလအခြေအနေအတွင်း ည ၈ နာရီမှ မနက် ၆ နာရီအတွင်း မိမိနေအိမ်ပြင်ပသို့ လှုပ်ရှားသွားလာခြင်း မပြုလုပ်ရန်၊ အခြေအနေအရ သွားလာရန်လိုအပ်ပါက တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံရန်၊ ဒုစရိုက်မှုနှင့်ရာဇဝတ်မှုများ မပြုလုပ်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းနှင့် သယ်ဆောင်ခြင်းများ မပြုလုပ်ရန်၊ စားသောက်ကုန်များအား စျေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။
အဆိုပါ စည်းကမ်းချက်များအား မလိုက်နာဘဲ ချိုးဖောက်ပါက PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အရေးယူသွားမည်ဖြစ်ကြောင်း PSLF ၏ မူဆယ်နှင့်နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်ထားသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် 0MNDAA၊ TNLA၊ AA အပါအဝင် ပူးပေါင်းတော်လှေန်ရေး တပ်ဖွဲ့များသည် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီစခန်းများနှင့် အရေးပါသည့် ရှမ်းပြည်(မြောက်ပိုင်း) ဒေသမှ မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့အထိ မြေပြင်သတင်းများအရ စစ်ကောင်စီထိမ်းချုပ်ထားသည့် ချင်းရွှေဟော်၊ သိန္နီ၊ ကြူကုတ်-ပန်ဆိုင်း၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ မုံးကိုးနှင့် ကွမ်လုံမြို့များကို သိမ်းပိုက်ထိမ်းချုပ်ထားပြီး စစ်ကောင်စီ စခန်းပေါင်း ၁၆၀ ကျော်ကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
#PSLF #TNLA #မူဆယ် #နမ့်ခမ်း #Ayeyarwaddy_Times