ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်လက်အောက်ခံ ခြေမြန်တပ်ရင်း ဖြစ်သည့် စစ်ကောင်စီ၏ ခမရ ၁၂၉ မှ တပ်ရင်းမှူးနှင့် တပ်ရင်းတစ်ရင်းလုံး ၁၂၆ ဦးအပါအ၀င် တပ်မိသားစု၀င်များ စုစုပေါင်း ၂၆၂ ဦးသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ လက်နက်ချ အလင်း၀င်ခဲ့ကြောင်း သိရသည်။

ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချထားသော တပ်ရင်းတစ်ခုဖြစ်သည့် ခမရ-၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်တွင် တပ်ရင်းတစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များကို ခေါ်ဆောင်၍ မဟာမိတ်သုံးဖွဲ့ထံ ဆက်သွယ်ကာ ပြည်သူ့ ရင်ခွင်အတွင်းသို့ ၀င်ရောက်လာကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန် ထားသည်။

တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် အပါအ၀င် စစ်သား ၁၂၆ ဦးနှင့်အတူ တပ်ဖွဲ့၀င်များ၏ မိသားစု ၁၃၄ ဦး စုစုပေါင်း ၂၆၂ ဦးသည် ထိုသို့ ပြည်သူ့ရင်ခွင်အတွင်း၀င်ရောက် လာခြင်းဖြစ်ပြီး တပ်ဖွဲ့၀င်များကို တစ်ဦးလျှင် ၁၀ သိန်းကျပ်ထောက်ပံ့ ကူညီပြီး မိသားစု ၀င်တစ်ဦးချင်းစီကိုလည်း တစ်သိန်းကျပ်စီ ပေးအပ်ခဲ့ကြောင်း ညီနောင်မဟာမိတ် အဖွဲ့ထံက သိရသည်။

တပ်ရင်းမှူးသည် တပ်သားများ နှင့် မိသားစု၀င်များ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပြီး ယုံကြည်ရဲရင့်စွာ ပြည်သူ့ဘက်သို့ ရောက်ရှိလာသည့်အတွက် ကျေးဇူးတင်ချီးမွမ်းကြောင်းနှင့် ပြည်သူများကလည်း ဂုဏ်ယူ၀မ်းသာကြိုဆိုပြီး သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ် ပြုကြမည်ဖြစ်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့က ဆိုထားသည်။

“စစ်ဘက်အရပ်ဘက် စုစုပေါင်း ၂၆၂ ဦးတို့၏ အသက် အန္တရာယ်ကို ငဲ့ညာထောက်ထား သောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင် ဖြစ်သည်။ ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ် ပေါ်ထွက်လာမည် ကိုလည်း မိမိတို့မှ အပြည့်အဝယုံကြည်ပါသည်” ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဂုဏ်ပြုရေး သားထားသည်။

ထို့ပြင် အလင်း၀င်ရောက်လာသူများကို ကျန်းမာရေး၀န် ဆောင်မှုများပေး၍ စောင့်ရှောက်ခဲ့ပြီး သွားလိုသည့်နေရာများသို့လည်း လုံခြုံစွာ‌ပို့ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သားများအတွက် အထူးတိုက်တွန်း နှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့သည်။

ထို့သို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်သားများသာမက ရဲတပ်ဖွဲ့ဝင်များပါ ညီနောင်မဟာမိတ်သုံးဖွဲ့ထ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် လာကြသည့်မှာ ၂၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- Three Brotherhood Alliance
#လောက်ကိုင် #ခမရ၁၂၉ #တပ်ရင်းမှူးဗိုလ်မှူးကျော်ရဲအောင် #တပ်ရင်းလိုက်အလင်း၀င် #ညီနောင်မဟာမိတ်သုံးဖွဲ့ဂုဏ်ပြု #Ayeyarwaddy_Times