နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး၍ လူဦးရေ ၅၅,၀၀၀ (ငါးသောင်းခွဲ)ကျော် စစ်ရှောင်နေရကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရသည်။

ရှမ်းမြောက် တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုသည် ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်)အထိ စုစုပေါင်း ၃၇ ဦးရှိပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် လေယာဉ်အသုံးပြုကာ ပြည်သူလူထု နေထိုင်သည့်နေရာအား ဦးတည်ပစ်မှတ်ထား၍ တိုက်ခိုက်မှုကြောင့် အရပ်သားအများဆုံး သေဆုံးခဲ့ရကြောင်း သိရသည်။

“သေဆုံးတဲ့ သူတွေထဲမှာဆိုရင် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ လသားအရွယ် မိခင်တွေလည်း ပါတယ်။ အများဆုံးကတော့ အမျိုးသားတွေ ဖြစ်တယ်။ ဒဏ်ရာရတဲ့ သူကတော့ ၇၁ ဦးပေါ့နော်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့သူတွေ ဖြစ်တယ်“ ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၏ ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ထိခိုက်သေဆုံးခဲ့ရသည့် အရပ်သားများသည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ သိန္ဒီ၊ လားရှိုး၊ နမ္မတူ၊ နောင်ချို၊ ကျောက်မဲ၊ လောက်ကိုင်နှင့် မန်တုံမြို့နယ် စုစုပေါင်း ၁၁ မြို့နယ်တို့မှ ဖြစ်သည်ဟု TWO က ဆိုထားသည်။

ထို့အပြင် အရပ်သား နေအိမ်နှင့် သာသနာအဆောက်အဦ စုစုပေါင်း ၁၀၀ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် အရေအတွက်သည်လည်း တစ်နေ့တခြား တိုးလာကာ လက်ရှိတွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO မှ ကောက်ယူထားသည့် စာရင်းအရ မြို့နယ် ၁၆ မြို့နယ်မှ အရပ်သား ၅၅၅၀၀ ဦးကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အဆိုပါမြို့များမှာ လားရှိုး၊ ကျောက်မဲ၊ သိန္ဒီ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုးကုတ်၊ ပန်ဆိုင်း(ကြူကုတ်)၊ မန်တုံ၊ နမ့်ခမ်း၊ နောင်ချို စသည်တို့ဖြစ်ပြီး စစ်ဘေးရှောင် အများစုမှာ လားရှိုး၊ လောက်ကိုင်၊ မုန်းကိုး၊ ‘၀’ ၊ နမ့်ခမ်း၊ သိန္ဒီတို့မှဖြစ်ကြောင်း သိရသည်။

“လားရှိုးမှာဆိုရင် တချို့အနည်းငယ်လောက်ပဲ အိမ်ပြန်လို့ရတယ်။ အဲဒီသူတွေကလည်း အဆင်ပြေလို့ အိမ်ပြန်ကြတာ မဟုတ်ဘူး။ တချို့သူတွေက စပါးရိတ်ရမှာမို့လို့ အန္တရာယ် ကြားက ပြန်ကြတာမျိုး။ ကွတ်ခိုင်ဘက်လိုမျိုးဆိုရင် တချို့တလေလောက်ပဲ စပါးရိတ်ဖို့ အိမ်ပြန်ကြတဲ့ အနေအထားမျိုးမှာ ရှိတယ်” ဟု TWO ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ဘေးရှောင်စာရင်း ကောက်ယူရာတွင် ဆက်သွယ်ရေး ခက်ခဲခြင်း၊ စစ်ဘေးရှောင်စခန်း အတည်တကျမရှိခြင်းနှင့် လူဦးရေ မတည်ငြိမ်မှုကြောင့် ကျား/မ အပါအဝင် အိမ်ထောင်စုစာရင်းများကို ၎င်းတို့အနေဖြင့် တိတိကျကျ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် အစားအသောက်များ၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည်အပါအဝင် လူသုံးကုန် ပစ္စည်းများ၊ ဆေးဝါးနှင့် သောက်သုံးရေ စသည့်တို့ ခက်ခဲလိုအပ်နေပြီး အများစုမှာ ဘုန်းကြီးကျောင်းများနှင့် နီးစပ်လုံခြုံရာသို့ တိမ်းရှောင် နေကြရပြီး ရွှေ့ပြောင်းသွားလာနေရသည့် စစ်ဘေးရှောင်များလည်းရှိကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း-TWO ထံက သိရသည်။

ဓာတ်ပုံ – TWO
#ရှမ်းမြောက်တိုက်ပွဲ #အရပ်သား၁၀၀ကျော်သေဆုံး #လူဦးရေ၅၅,၀၀၀ကျော်စစ်ရှောင် #Ayeyarwaddy_Times