
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ စစ်ကောင်စီဆောက်လုပ်ရေး အင်ဂျင်နီယာတပ် GE တပ်ကို ရှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ယနေ့ညနေ ၅ နာရီအချိန်အထိ စစ်ကောင်စီ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် GE တပ်နှင့် ရှမ်းမြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲများဆက်လက် ပြင်းထန်နေပြီ စစ်ကောင်စီ ခြေမြန်တပ် ခမရ-၅၀၂ က ပစ်ကူပေးနေကြောင်း သိရသည်။
“လက်နက်ကြီးသံရော လက်နက်ငယ်သံတွေရော ပစ်ခတ်နေတာ ဆူညံနေတယ်။ လေယာဥ်တွေလည်း ရောက်လာသံကြားတယ်။ လောလောဆယ် ဘယ်ဘက်က အထိနာ နေတယ်ဆိုတာ မသိရသေးဘူး” ဟု ကျောက်မဲမြို့ခံ အမျိုးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထို့အပြင် ကျောက်မဲမြို့ ခမရ-၅၀၁ ၊ ၅၀၂ ခြေမြန်တပ်ရင်းများကို လားရှိုးဘက်မှနေ၍ ရဟတ်ယာဥ်များအပြင် ပစ္စည်းဖြန့်သည့် Box ကားများဖြင့် စစ်လက်နက်၊ ရိက္ခာများ တင်ပို့နေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံက သိရသည်။
ကျောက်မဲမြို့ဘက်မှ နောင်ချို ၊ စခန်းသာရွာမှ နောင်ပိန် ဘက်သို့သွားသည့် လမ်းတစ် လျှောက်တွင်လည်း TNLA တပ်ဖွဲ့များ နေရာအပြည့်ယူထားကြောင်း ဒေသခံများက ဆိုသည်။
ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော် (TNLA)နှင့် ရက္ခိုင့် တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ဆင်နွှဲခဲ့ပြီး ယခုအခါ မြို့ပေါင်း ၁၁ မြို့ကိုသိမ်းပိုက်ထားကာ စစ်ကောင်စီတပ်စခန်း ၁၆၀ ထက် မနည်းသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ပုံစာ-ကျောက်မဲမြို့ (ပုံဟောင်းကို ပြန်လည်အသုံးပြုထားပါသည်)
#ကျောက်မဲမြို့ #စစ်ကောင်စီGEတပ် #ရှမ်းမြောက် #ညီနောင်မဟာမိတ်သုံးဖွဲ့ #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times