ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကိုသိမ်းပိုက်ရရှိပြီးနောက် မြန်မာ့ စီးပွားရေးဘဏ်မှ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထုအပ်နှံငွေ သန်းပေါင်း ၉၅၂ သန်းကို သိမ်းဆည်းရမိပြီး ဆုံးရှုံးမှုမရှိစေရေးအတွက်စနစ်တကျ ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ၊ ကောလင်း ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် နိုဝင်ဘာ ၆ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်က သိမ်းဆည်းထားပြီး ဘဏ္ဍာရေး ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်း စနစ်တကျလိုက်နာဆောင်ရွက်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ထို့ပြင်အခြေအနေတည်ငြိမ်ချိန်တွင် ထိန်းသိမ်းပြုစုထားသည့် စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့်အညီ ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိရန် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း NUG က ဆိုထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် ကောင်လင်းခရိုင်မြို့ သိမ်းပြီးနောက် နိုဝင်ဘာ ၈ ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဓာတ်ပုံ-NUG
#ကောလင်းမြို့သိမ်း #မြန်မာ့စီးပွားရေးဘဏ် #ကျပ်သန်းပေါင်း၉၀၀ကျော် #Ayeyarwaddy_Times