
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ဧရာ၀တီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ ရဲနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် KTV ၊ အရက်ဆိုင် နှင့် လောင်းကစားဒိုင်များကို လိုင်းကြေးယူကာ ပြုလုပ်ခွင့်ပေးထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ လောင်းကစားဝိုင်းများ နှင့်တရားမဝင် KTV များ တစ်စထက်တစ်စ တိုးပွားလာကာ လောင်ကစားရှုံး၍ ထွက်ပြေးရသူများနှင့် ခိုးမှုများ ၊ လုယက်မှုများပါ တိုးလာနေကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာဆို KTV တွေ အများကြီးပေါ်လာတယ်။ နောက်တပ်ကကောင်တွေနဲ့ရဲတွေ ခြေရှုပ်နေကြတာ။ သူတို့ထဲက လူကြီးတွေလာရင်တောင် KTV မှာ ဧည်ခံတဲ့ အဆင့်ထိပါ လုပ်ထားတာ လိုင်းကြေးလည်းရတယ်ဆိုတော့ ပိတ်လည်းခဏပဲ။ ၁၀ရက် တောင်မကြာဘူးပြန်ဖွင့်တာ။ လူကြီးတွေရော ၊ လူငယ်တွေရော နေ့တိုင်း လူမပြတ်ဘူး ” ဟု မြောင်းမြမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်းတွင် လောင်းကစားဒိုင်များမှာ အကန့်အသတ်မရှိလုပ်ဆောင်နေပြီး ရဲနှင့်စစ်တပ်အတွက် လိုင်းကြေးများကို တစ်ပတ်တစ်ခါပေး၍ လုပ်ကိုင်နေကြောင်း ဒေသခံများထံက သိရသည်။
“စစ်ခွေး၊ ရဲခွေး (စစ်သားနဲ့ရဲ) တွေကတော့ရှင်းပါတယ်။ မဟုတ်တာများများ လုပ်လေ သူတို့ များများရလေပဲ။ နှစ်လုံး သုံးလုံးဒိုင်တွေနဲ့ ကော်မရှင်ရောင်းတဲ့သူတွေက နေရာတိုင်းမှာပေါမှပေါ။ အလုပ်တွေ ရှားလာတဲ့အခါကျတော့ လူတွေက ငွေအလွယ်ရ မယ့် လောင်းကစားကိုလုပ်လာကြတယ်။ ဒီတော့ ရှုံးလည်းရှုံးရော ဘဝတွေပါပျက်ရော။ ထိုးသားတင်မဟုတ်ဘူး ကော်မရှင်စားတွေပါ ထွက်ပြေးနေရတာတွေရှိတယ်။ ဒီကောင် တွေက ပြည်သူဒုက္ခရောက်လေကြိုက်လေပဲ။ လုယက်မှုတွေဖြစ်ရင် ညဘက် မထွက်တော့ဘူး။ သူတို့က အလုပ်ရှုပ်သက်တာပေါ့ ” ဟု ဝါးခယ်မမြို့နယ်ရှိ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်း KTV နှင့် ဘီယာဆိုင်များ ၊ လောင်းကစားများကြောင့် ခိုက်ရန်ဖြစ်ပွားမှုများ၊ လူသတ်မှုနှင့် ခိုးမှုများ ဖြစ်ပွားနေပြီး ဥပဒေအရ ဖမ်းဆီအရေးယူနိုင်ခြင်းနည်းပါးလျက်ရှိကြောင်း သိရသည်။
#ဧရာ၀တီတိုင်း #စစ်သားရဲနှင့်ထွေအုပ် #KTVအရက်ဆိုင် #လောင်းကစားဒိုင် #လိုင်းကြေးယူဖွင့် #ခိုးမှုလုယက်မှုပိုများ #Ayeyarwaddy_Times