ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ပြည်သူ့ ခုခံတွန်းလှန်စစ်မှ တန်ပြန်ထိုးစစ်တိုက်ပွဲကာလ မြို့သိမ်းတိုက်ပွဲများဆင်နွှဲ နေရာတွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်နေသော ဒေသများအတွင်း ပုဂ္ဂလိကဘဏ်များရှိ ပြည်သူ့အပ်နှံငွေများမဆုံးရှုံးစေရန်နှင့် စစ်ဘေးရှောင်များကိုကူညီနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေသော ဒေသများရှိ ပုဂ္ဂလိက ဘဏ်များတွင်အပ်နှံထားသည့် ပြည်သူများ၏ အပ်နှံငွေများနှင့်ပတ်သက်ပြီး ပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် NUG ၏ ကြားကာလဗဟိုဘဏ်က စီမံဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထို့ပြင်စစ်ရေးအရှိန်အဟုန် မြှင့်တင်နေချိန်တွင် အရပ်သားထိခိုက်မှုလျော့နည်းရေး ဆောင်ရွက်နေပြီး စစ်ဘေးရှောင်များကို လူသားချင်းစာနာမှု အကူအညီများပေးလျက်ရှိ ကြောင်း NUG က ထုတ်ပြန်ထားသည်။

သိမ်းပိုက်ရရှိသည့် နယ်မြေများ အခြေအနေတည်ငြိမ်ပါက စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့် အညီပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG က ဆိုထားသည်။

ထို့ပြင်ပုဂ္ဂလိကဘဏ်များ၏ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက်(Vault)၊ စာရင်းမှတ်တမ်းများ၊ စာချုပ် စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိပစ္စည်းများ နှင့်ပတ်သက်ပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များလိုက်နာရန် တင်းကျပ်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ အရှိန်အဟုန်မြှင့်တင်လာသည့် စခန်းသိမ်းတိုက်ပွဲများသာမက မြို့သိမ်းတိုက်ပွဲများအထိ စစ်ဆင်ရေးများ ပြုလုပ် လာချိန်တွင် အရပ်သားထိခိုက်မှုလျော့ချရေးနှင့် စစ်ဒဏ်သင့် ပြည်သူများကို အရေးပေါ် လူသားချင်းစာနာကူညီမှုများထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် သတ်မှတ် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံက သိရသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေးဒေသအတွင်းရှိ စစ်ဘေးရှောင်များကို ဆန်၊ စားနပ်ရိက္ခာနှင့် အရေးပေါ် အသုံးအဆောင်များအပါအဝင် ထိခိုက်သေဆုံးသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာန ( MOHADM) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝန်း စစ်ရေးအရှိန်မြင့်နေသော ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ စစ်ကိုင်း၊ ကရင်နီ၊ မန္တလေး၊ မကွေးနှင့် ပဲခူးတို့တွင် လူသားချင်စာနာမှုအကူအညီများပေးနေပြီး လိုအပ်ချက်များရှိနေကြောင်း MOHADM က ဆိုထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်နယ် ဖက်ဒရယ်ယူနစ်များပူးပေါင်း၍ ဒေသတစ်ခုကို မသိမ်းမီ၊ သိမ်းနေစဉ်နှင့် သိမ်းပြီးနောက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုပံ့ပိုးကူညီနေကြောင်း NUG ထုတ်ပြန်ချက်တွင်ပါရှိသည်။

အရေးပေါ်ဆက်သွယ်ရေး၊ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေး၊ ထောက်ပံ့ပို့ဆောင် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် ရန်ပုံငွေရရှိရေးအတွက် ပြည်တွင်းပြည်ပမိတ်ဖက်နိုင်ငံများ၊ INGO ၊ NGO များအပါအဝင် အရပ်ဖက်အဖွဲ့ အစည်းများက ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက မေတ္တာရပ် ခံထားသည်။

ဓာတ်ပုံ – NUG
#မြို့သိမ်းတိုက်ပွဲ #ပြည်သူများဘဏ်အပ်ငွေ #မဆုံးရှုံးစေရန် #NUGဆောင်ရွက် #စစ်ဘေးရှောင်ကူညီ #Ayeyarwaddy_Times