
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီ၏ ချောင်းနှစ်ခွရဲစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ညနေပိုင်းတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ဂဠုန်စစ်ကြောင်းတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုသို့သိမ်းပိုက်ခံရ၍ စစ်ကောင်စီတပ် တပ်မ(၂၂) လက်အောက်ခံတပ်မှ ပြန်လည်ရယူရန်အတွက် စစ်ကူလာစဥ် နိုဝင်ဘာ ၁၃ ရက်နေ့ နေလယ်ပိုင်းတွင် ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူး (တပ်ရင်းမှူး) အဆင့်ရှိ ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
” ၁၃ ရက်နေ့မနက်က ချောင်းနှစ်ခွဘက်ကို စစ်ကြောင်းထိုးလာတာ။ အဲ့ဒီလို ဝင်ရောက် လာတာကို သတင်းရလို့ လမ်းကနေစောင့်ပြီး ကြားဖြတ်ဝင်တိုက်တာ ကစဥ်ကလျား ဖြစ်ပြီး ဒုဗိုလ်မှူးကြီးတစ်ဦးအပါဝင် စစ်သား (၁၄)ဦးကို ရှင်းလင်းနိုင်ခဲ့တယ်။ ခြောက် ယောက်ကို အရှင် ဖမ်းဆီးနိုင်ခဲ့တယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် တပ်မ (၂၂) မှ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ခြင်းကြောင့် လတ်နက်ချအညံ့ခံသည့် စစ်သား ၂၃ ဦးရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ရှိ ချောင်းနှစ်ခွ ရဲစခန်းကို နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက သွားရောက် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ချောင်းနှစ်ခွ ရဲစခန်းနှင့် အထ္ထရံတံတား ရဲကင်းအပါအဝင် ကျိုက်မရောနယ်မြေ တစ်ခုလုံး ကိုသိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များ ထံကသိရသည်။
ပုံစာ-အညံ့ခံလက်နက်ချလာသည့် စစ်ကောင်စီတပ်သားများ
#ကျိုက်မရောမြို့နယ် #စစ်ကူစစ်ကြောင်း #ကြားဖြတ်တိုက်ခိုက်ခံရ #စစ်ကြောင်းမှူးအပါ၁၄ဦးသေဆုံး #Ayeyarwaddy_Times