
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
အာဏာသိမ်း စစ်ကောင်စီက ရှမ်းမြောက်ရှိ မြို့နယ် ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် နိုင်ငံရေး၊ စစ်ရေးအရ လိမ်ညာရန်သာဖြစ်ပြီး လက်တွေ့တွင်မူ တပ်စခန်းထဲကနေ မထွက်ရဲတော့ကြောင်း နိုင်ငံရေးလေ့လာသူနှင့် CDM ဗိုလ်ကြီးတို့က သုံးသပ်ပြောကြားသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို ပြီးခဲ့သည့် နို၀င်ဘာ ၁၂ ရက်နေ့ တွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါမြို့များကို ရှမ်းမြောက်မဟာမိတ်တပ်များက ဝိုင်းရံ ဝိုင်းပတ်ထားပြီး စစ်ကောင်စီ တပ်စခန်းအနေဖြင့် တစ်ခုနှစ်ခုသာ ကျန်ရှိတော့ကာ စစ်ကောင်စီက ထိုမြို့များအား ထိန်းချုပ်ထားနိုင်ဆဲဟု ကမ္ဘာနှင့်မြန်မာကို လိမ်ညာရန်အတွက် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောကြားသည်။
“လက်တွေ့ စစ်မြေပြင်မှာက တပ်စခန်းထဲကနေ မထွက်ရဲတဲ့ စစ်ကောင်စီ ဗျူဟာရုံးတွေ၊ တပ်မဌာနချုပ်တွေ အဲဒါတွေဟာ တကယ်ကျတော့ လူထုထဲမှာ သူတို့ အုပ်ချုပ်ရေး အာဏာ၊ တရားဥပဒေ စိုးမိုးရေး အာဏာ ဘာမှမသက်ရောက်တော့ဘူး။ ဒါကြောင့်မို့ အဲဒီဝိုင်းပတ်ခံနေရတဲ့ စခန်းအချို့ရှိတဲ့ နေရာကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး လုပ်မယ်ဆိုတဲ့ သဘောပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်-MNDAA ၊ တအာင်းတပ်မတော်-TNLA နှင့် ရက္ခိုင့်တပ်တော်-AA တို့က ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ လက်ရှိတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ်-ပန်ဆိုင်း၊ မုံးကိုး၊ နမ့်ခမ်း၊ ကွမ်းလုံ၊ နန်းမယ်ခုံ စသည့် မြို့နယ် ၁၁ မြို့နယ်နှင့် စစ်ကောင်စီ တပ်စခန်းပေါင်း မြောက်များစွာကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကို နိုင်ငံရေး၊ စစ်ရေးအရ အရှက်ပြေ ကြေညာလိုက်ခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက အစွမ်းကုန် စစ်ပြင်ကာ အပြင်းထန်ဆုံး တိုက်ခိုက်နေခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒီရှစ်မြို့နယ်ကို အကြောင်းပြပြီးတော့ ကျန်တဲ့ဒီရှမ်းမြောက်က မြို့နယ်တွေအားလုံး ကိုလည်း အခြေအနေ ထိန်းသိမ်းဖို့ဆိုပြီး သူတို့က Martial Law (စစ်အုပ်ချုပ်ရေး) ထုတ်လာနိုင်တယ်။ သူတို့ဆုံးရှုံးပြီးသား ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြို့နယ်ရှစ်မြို့နယ်ကို ဒါမူလပထမအနေနဲ့ ထုတ်လိုက်တာလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီမြို့နယ်တို့ကို အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးအား လည်းကောင်း၊ လောက် ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူးအား လည်းကောင်း စစ်အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးထားကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးသည် မည်သည့်အပြောင်းအလဲမှ ရှိလာမည်မဟုတ်သလို ပြည်သူလူထုအနေဖြင့် တော်လှန်ရေးတပ်ပေါင်းစု မဟာမိတ်များ၏ စည်းမျဉ်းစည်းကမ်း အတိုင်းသာ နေထိုင်ကြရန်နှင့် စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဗျူဟာကုန်းများကနေ၍ အမြှောက်ဖြင့် ပစ်ခတ်ခြင်းတို့ကိုလည်း သတိထားကြရန် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အသိပေးတိုက်တွန်းထားသည်။
“လေကြောင်းထိုးစစ်နဲ့ အမြှောက်လက်နက်နဲ့ ကြုံရာကျပန်း ပစ်ခတ်နေမှုအောက်မှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ များစွာထိခိုက်နိုင်ပါတယ်။ အဲဒါတွေအတွက် လိုအပ်တဲ့ အချက်ပေးစနစ်တွေ၊ တူးမြောင်းတွေ၊ လိုဏ်တွေ၊ ပုန်းခိုရာ နေရာတွေကို ရှာကြံပြင်ဆင်ထားသင့်ပါတယ်။ ဒီစစ်အုပ်ချုပ်ရေးအမိန့်ရဲ့ ဩဇာသက်ရောက်မှုဟာ သူ့စစ်စခန်းအတွင်းမှာပဲ ရှိမှာပါ၊ ပြည်သူထဲကို ဘယ်လိုမှ ရောက်ရှိလာနိုင်တဲ့ အခြေအနေမရှိပါဘူး” ၎င်းက ပြောသည်။
ယင်းကဲ့သို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် မြို့နယ်များတွင် စစ်ကောင်စီက ဥပဒေကို ၎င်းတို့အလိုကျ စီမံခန့်ခွဲနေသလို လုပ်ပိုင်ခွင့်အာဏာကိုလည်း သေဒဏ်စီရင်ခွင့် ရှိသည်အထိ ပေးအပ်ထားသည်။ လက်ရှိအထိ နိုင်ငံတဝန်း၌ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်ပေါင်း ၅၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး စတင်ပြီဆိုလျှင် အဓိကခံရမည်က ပြည်သူသာဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထောက်ပို့လမ်းကြောင်းကိုလည်း စစ်ကောင်စီက ဖြတ်တောက်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို မည်သည့်နိုင်ငံကမှ မကူညီဘဲ စစ်ပွဲသည် လက်ရှိအရှိန်အတိုင်း ဆက်လက်သွားပါက အမြန်ဆုံးနှုန်းဖြင့် စစ်ကောင်စီ ကျရှုံးမည်ဖြစ်သလို စစ်စရှုံးနေပြီဟု ပြော၍ရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“အခုရှမ်းမြောက်ဘက်မှာ စနေသလို ဒီအနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဖော်ဆောင်လာပြီပေါ့နော်။ တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ကွက်တွေ ဖော်ဆောင် လာပြီ။ ဒီတော့ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေအနေနဲ့ အလွန်ကြီးတဲ့ စီမံချက်ကြီး တစ်ခု ရှိလိမ့်မယ်လို့ထင်ပါတယ်။ နွေဦးတော်လှန်ရေးဘက်က အရေး သာဆုံး စစ်ရေး အနေအထားတစ်ခုကို သူတို့ စတင်ဖန်တီးလာနေပြီလို့ ပြောလို့ရပါတယ်” ၎င်းက ဆိုသည်။
ဓာတ်ပုံ-The Kokang
#ရှမ်းမြောက် #စစ်ကောင်စီ #စစ်အုပ်ချုပ်ရေး #အမိန့် #ကြေညာ #အရှက်ပြေ #လက်တွေ့ #တပ်စခန်းထဲက #မထွက်ရဲ #Ayeyarwaddy_Times