ဧရာဝတီတိုင်းမ်
(ပလက်၀)နိုဝင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကုန်းကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)က ပိတ်ဆို့ တိုက်ခိုက်နေပြီး စခန်းသိမ်းယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA) သည် ယနေ့ နံနက် ၂ နာရီခန့်က တရွန်အိုင်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်သောကြောင့် ဇင်ဘောင်ပြင်ရွာရှိ ဒေသခံအချို့ ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“တရွန်အိုင်ရွာက တပ်စခန်းကို မနက် ၂ နာရီ လောက်က တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက် လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တာကြောင့် ဇင်ဘောင်ပြင်ရွာက အဘွားအို ကျည်ဆံ ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေတုန်းပါ။ စစ်တပ်ဘက်က လေယာဥ်နဲ့ ပစ်နေပါတယ်”ဟု တရွန်အိုင်ကျေးရွာရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယနေ့ နံနက်ပိုင်း ၉ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ တရွန်အိုင်နှင့် ဇင်ဘောင်ပြင်ရွာရှိ ဒေသခံ ၁၀၀ ကျော်သည် ဖရုံချောင်းရွာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လာနိုင်၍ စစ်ကောင်စီသည် ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းအပါဝင် ပလက်ဝမြို့နယ်အတွင်းရှိ ရေလမ်း၊ ကုန်းလမ်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ကွပ်ကဲမှူး (အမ်း) လက်အောက်တွင်ရှိပြီး နိုဝင်ဘာ ၁၃ ရက်နေ့က စတင်၍ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင်း ပလက်ဝမြို့နယ်ရှိ တပ်စခန်း၊ ရဲစခန်းများ လည်း စစ်ရေးအသင့် အနေထား ပြင်ဆင်နေကြောင်း သိရသည်။

#ပလက်ဝ #စစ်ကောင်စီ #တရွန်အိုင်တပ်စခန်း #AAပိတ်ဆို့တိုက်ခိုက် #Ayeyarwaddy_Times