ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ဧရာ၀တီတိုင်းအတွင်းမှ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းများတွင် စစ်ကောင်စီတပ်မှ နို၀င်ဘာလ ၁၃ ရက်နေ့က စတင်ပြီး လုံခြုံရေးတိုးမြှင့်ကာ ကင်းပုန်းများ၀ပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ညက ရေကြည် ဘက်က ရခိုင်ဘက်၀င်ပေါက် ရေနံသာဘက်ကိုစစ်ကား အစီး ၃၀ လောက်သွားတယ်။ ဒီမနက်ကစပြီး ရေနံသာဂိတ်မှာ အစစ်အဆေးတွေ ကြမ်းပြီး ကားတွေပိတ်မိနေတယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ် အနောက်ဖက်ဗေဒါ ဒေါင်းကျောင်းဘက်များတွင် အ၀င်လမ်းများကို စစ်ကောင်စီကပိတ်ထားလိုက်ပြီး ဂိတ်စခန်းများ ဖြစ်သော ရေနံ့သာဂိတ် ၊‌ အမှတ် ( ၃၄၄ ) အမြှောက်တပ်ဂိတ် ၊ ဗေဒါဂိတ် ၊ မြောက်စမ်းဂိတ် ၊ ဒေါင်းကျောင်းဂိတ် ၊ ဂွမြို့အဝင်ဂိတ်များကို စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်းပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သာပေါင်းမြို့နယ်အတွင်း သစ်တောများတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် အင်အား ၆၀ ခန့်က ရခိုင်ရိုးမအစပ်တွင် ကင်းပုန်းများ၀ပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

လက်ရှိမှာ စစ်ကောင်စီတပ်များမှ ရေကြည်၊ ကြံခင်း၊မြန်အောင်၊ အင်္ဂပူမြို့နယ်များမှ ရခိုင်ရိုးမအစပ်တွင် နေထိုင်သော ကျေးရွာပြည်သူများကို တောအတွင်း သစ်၊ ဝါးခုတ်ယူခြင်းမပြုရန်နှင့် တောအတွင်းနေထိုင်ပြီး လုပ်ကိုင်စားသောက်နေသူများ ရွာကိုပြန်လည် နေထိုင်ရန် နှင်ထုတ်နေခြင်း​ကြောင့် ဒေသခံများအနေဖြင့် တရားဖမ်းဆီးခံရမှာကို စိုးရိမ်နေကြောင်းသိရသည်။

“ဒီတစ်ခါ စစ်ကြောင်း၀င်လာတာက ရွာတွေဘက်မှာ ကားတွေထားပြီး ခြေကျင် စစ်ကြောင်းထိုးတဲ့ပုံစံမျိုးပဲ ။ ထင်းခုတ်ဝါးခုတ်တဲ့လူတွေ တောထဲမ၀င်ရဘူး အမိန့်တန်းထုတ်တာ”ဟု အသက် ၅ ၀အရွယ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ နို၀င်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းတစ်ချို့ကို ရခိုင့်တပ်တော် AA မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း PDFများနှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်လာမည်ဆိုသည့် သတင်းများကြောင့် ယခုကဲ့သို့ လုံခြုံရေးများတိုးမြှင့်ချထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

#ဧရာ၀တီတိုင်း #ရခိုင်ပြည်နယ် #ထိစပ်သောနေရာ
#လုံခြုံရေးတိုးမြှင့် #ကင်းပုန်းများချနေ
#Ayeyarwaddy_Times