ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၄ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ “၁၁၁၁ စစ်ဆင်ရေး” သုံးရက်မြောက်နေ့တွင်လည်း နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ‌အရပ်သားသေဆုံး မှုများရှိကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ထေးဌားလျားရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ မိုင်းလုံးရပ်ကွက် စသည့်ရပ်ကွက်များတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ‌ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများ၊ မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး နမ့်ကွတ်ရပ်ကွက်မှအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့်လည်း မိုင်းစုရပ်ကွက်တွင် စစ်ဘေးရှောင်နေသည့် လင်မယား ၂ ဦး၊ ပရဟိတအသင်းဝင် လူငယ်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေယာဉ်လာကြဲတာပေါ့။ အခုလွိုင်ကော်မှာက လူသား ဒိုင်းလိုလုပ်ထားတာ။ ဒေသခံတွေကိုလည်း ဘယ်မှပေးမထွက်ဘူး။ တော်လှန်ရေး ဘက်ကတော့ လုံခြုံတဲ့နေရာနေကြဖို့ သတိပေးထားပေမဲ့ စစ်ကောင်စီကပေးမထွက်ဘူး။ ဒေသခံတွေကလည်း လုံခြုံတယ်လို့ထင်တဲ့နေရာကို သွားလိုက်၊ အဲ့နေရာမှာဖြစ်လိုက်နဲ့ အဲ့လိုမျိုးဖြစ်နေတာ” ဟု လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီစခန်းချနေထိုင်နေသည့် လွိုင်ကော်တက္ကသိုလ်နှင့် လွိုင်ကော်အကျဉ်းထောင်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ သော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် စစ်အာဏာရှင်အုပ်ချုပ်ရေးကို ဖြိုချနိုင်ရန်အတွက် တိုက်ပွဲများဆင်နွှဲနေပြီး မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူများ ပျက်စီးနစ်နာမှုများရှိနိုင်ပြီး ပြည်သူများ အနေဖြင့် ဘေးလွတ်ကင်းရာများတွင် ယာယီရွှေ့နေပေးကြရန်လည်း KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြားထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#လွိုင်ကော် #လေကြောင်းတိုက်ခိုက် #တိုက်ပွဲဖြစ်ပွား #လက်နက်ကြီးပစ်ခတ် #ဒေသခံသေဆုံး #Ayeyarwaddy_Times