ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

ရန်ကုန်မြို့တွင်း စက်သုံးဆီရှားပါးမှုများ ကြုံတွေ့ရချိန်တွင် ပြည်တွင်း၌ စက်သုံးဆီ အလုံအလောက်ရှိပြီး ဆီခွဲတမ်းနှင့်ပတ်သက်၍ စိစစ်မှုများရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်ကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ စက်သုံးဆီအောက်တိန်း ၉၂ နှင့် ၉၅ ဆီများ ပြတ်လပ် မှုများဖြစ်ပေါ်ကာ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ လွယ်လင့်တကူ ဝယ်ယူ နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့ခံတစ်ဦးထံက သိရသည်။

စက်သုံးဆီများ လွယ်လင့်တကူ ဝယ်ယူနိုင်ခြင်းမရှိသော်လည်း “ ဆီခွဲတမ်းတွေနဲ့ ပတ်သက်ပြီးစိစစ်တာတစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲဖြစ်တယ်။ လျှော့ပေးတာမရှိဘူး။ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ဆီတင်သင်္ဘော လေးစင်း ရောက်ရှိနေပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဆီတင်သင်္ဘော ၁၅ စင်းထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ဖြေကြားထားသည်။

“ ဒီမနက်တော့ တချို့ဆိုင်တွေမှာဆီဖြည့်လို့ရတယ်။ တချို့ဆိုင်တွေမှာတော့ ဆီမ ရသေးဘူး။ တစ်ဆိုင်နဲ့ တစ်ဆိုင်မတူဘူး။ အရင်ရက်ကလောက် တန်းစီရတာမျိူး တော့ မရှိတော့ဘူး။ ဒါပေမယ့် အရင်လိုဆိုင်တိုင်းဝင် ထည့်လို့ရတာမျိုးလည်းမဟုတ်ဘူး” ဟု ရန်ကုန်မြို့ခံကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့တွင် လက်လီစက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်ရှိပြီး စက်သုံးဆီ သိုလှောင်ထားသည့် Terminal သုံးခုမှ အရောင်းဆိုင်များကို ဖြန့်ဖြူးပေးရာတွင် အချိန်မမီခဲ့သဖြင့် စက်သုံးဆီပြတ်လပ်ခဲ့ကြောင်း၊ စက်သုံးဆီ မပြတ်စေရန်အတွက် စက်သုံးဆီ အမျိုးစားအားလုံးကို တစ်လစာ အရန်အမြဲထားရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စက်သုံးဆီဝယ်ယူရာတွင် ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် သတ်မှတ် ဈေးနှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်နှုန်းဖြင့် ၅၀ ရာခိုင်နှုန်း လဲလှယ်ပေးထားကြောင်း နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ ( FECS) ထံက သိရသည်။

လက်ရှိတွင်အသုံးများသော ဓာတ်ဆီ အောက်တိန်း ၉၂ ဂါလန် ၁၃ သန်းကျော်၊ ၉၅ ဂါလန် ၃ သန်းကျော်၊ ၉၇ ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ဂါလန် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ် ဂါလန် သန်း ၂၀ ကျော်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရသည်။

ပုံစာ-ရန်ကုန်မြို့တွင်းရှိဆီဆိုင်အချို့ကိုတွေ့ရစဉ်

#စစ်ကောင်စီ #စက်သုံးဆီပြတ်လပ်မှုမရှိဟု #ငြင်းဆို #ဆီခွဲတမ်းနှင့်ပတ်သက်ပြီး #စိစစ်
#Ayeyarwaddy_Times