ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

ဧရာဝတီတိုင်းတွင် ဆိုင်ကယ်စီးသူများအား ဦးထုပ်၊ ဘက်မှန်နှင့် လိုင်စင်များအား ညအချိန်ထိ စစ်ဆေးဖမ်းဆီမည်ဟု ကြေငြာထားသဖြင့် ပြည်သူများအခက်ခဲရှိနေကြကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများမှ ဆိုင်ကယ်စီးသူများ ယာဥ်ထိန်းရဲများ ပါဝင်ခြင်းမရှိပဲ ဖမ်းဆီး ဒဏ်ရိုက်နေကာ နိုဝင်ဘာ ၁၂ ရက်နေ့မှစပြီး ညအချိန်ထိဖမ်းဆီမည်ဟု လိုက်လံကြေငြာထားကြောင်း ကျောင်းကုန်းမြို့နယ်ဒေသခံများထံမှသိရသည်။

“ညကလိုက်ကြေငြာနေတာပါ ညပိုင်ကို ဆိုင်ကယ်နဲ့သွားရင် ဦးထုပ် ဘက်မှန် အစုံပါမယ် မပါရင်ဖမ်းမယ်ဆိုပြီး ကြေငြာနေတာ ။ တောဘက်ကဆိုင်ကယ်အများစုက တရုတ်ဆိုင်ကယ်တောင် ကာဘာမစုံတာများတယ် စျေးဝယ်ရင်တောင် နေ့ခင်ဘက်ဖမ်းလို့ ညနေပိုင်မှထွက်ဝယ်တာ အခုက ညပိုင်တောင်သွားလို့အဆင်မပြေတော့ဘူး “ဟု ကျောင်းကုန်မြို့နယ်မှဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ လိုင်စင်ရုံးများ ပိတ်ထားကာ နိုဝင်ဘာလအထိ ယာဉ်လိုင်စင်အသစ်များပြုလုပ်နိုင်ခြင်း မရှိပဲ ဖမ်းဆီမှုများဆက်တိုက်ပြုလုပ်နေသဖြင့် ဆိုင်ကယ် ဝယ်ထားပြီး လိုင်စင်မရှ်ိသူများပါ အိမ်ထဲတွင် သိမ်းထားနေရသည့်အခြေနေရှိနေကြောင်း ဒေသခံများထံမှသိရသည်။

“ဆိုင်ကယ်လိုင်စင်ရုံးတွေက အခုချိန်ထိ ပြန်မဖွင့်သေးဘူး ။ အဟောင်းသက်တမ်းတိုးတာကရတယ် ။ ဧရာဝတီတိုင်းကဆိုင်ကယ်တွေတော်တော်များများမှာ လိုင်စင်ရှိတဲ့ ဆိုင်ကယ်က လက်ချိုးရေလို့ရတယ်။ ဆိုင်ကယ်နဲ့အလုပ်လုပ်နေရတဲ့ ကယ်ရီသမားတွေနဲ့ လက်လုပ်လက်စားတွေကျတော့ အများကြီးအခက်တွေ့တာပေါ့ ။ အခုဆို ညပိုင်အထိ ဖမ်းမယ်လုပ်နေတော့ ကျန်းမာရေးကိစ္စရှိရင်တောင် မလွယ်ကူတော့တဲ့အခြေနေတွေပါ “ဟု အိမ်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းကိုပြောသည်။

စစ်ကောင်စီကယာဉ်စည်းကမ်းအကြောင်းပြဖမ်းဆီမှုကြောင့် ကျောင်းကုန်း၊ အိမ်မဲ ၊ ဝါးခယ်မနှင့် ပန်းတနော်တို့တွင် တစ်လအတွင်း ဆိုင်ကယ်အစီးရေ ၈၀၀ ကျော်ထက်မနည်း ဖမ်းဆီဒဏ်ရိုက်ခံခဲ့ရပြီးနောက် နိုဝင်ဘာလမှ စကာ ညပိုင်းအထိ ထပ်မံဖမ်းဆီမည်ဟု ကြေငြာချက်ထုတ်ပြန်ထားကြောင်းဒေသတွင်းအရင်းမြစ်များမှသိရသည်။

#ဧရာဝတီတိုင်း #ဆိုင်ကယ် #စီးသူများအား #ဦးထုပ် #ဘက်မှန် #လိုင်စင် #ညပိုင်းအထိဖမ်းဆီမည်ဟု ကြေငြာ #Ayeyarwaddy_Times