ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးကျေးရွာများတွင် ကာကွယ်ရးအဖွဲ့ ဖွဲ့ရန် စစ်ကောင်စီတပ်မှ တစ်ရွာလျှင် လူငယ်အမျိုးသား ခြောက်ဦးနှုန်းမဲနှိုက်‌ရွေးချယ်ကာ မှတ်ပုံတင်များကိုသိမ်းပြီး အခြေခံစစ်သင်တန်းနှစ်ပတ်ကြာ တက်ခိုင်းကြောင်း ဒေသခံများထံက သိရသည်။

သာပေါင်းမြို့နယ်ရှိ ကျင်းကြီး၊ လှေကြီးတက် စသည့်ကျေးရွာများ၌ တစ်ရွာလျှင်လူငယ် ခြောက်ဦးနှုန်းဖြင့် မဲနှိုက်ရွေးချယ်ကာ အခြေခံစစ်သင်တန်းတက်ရောက်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

“ကျင်းကြီးနဲ့ လှေကြီးတက်ကရွာသားတွေကို တစ်ရွာကို ခြောက်ယောက်မဲနှိုက်ပြီးတော့ စစ်သင်တန်းတက်ခိုင်းတာပေါ့။ မဲပေါက်တဲ့သူတွေကိုမှတ်ပုံတင်သိမ်းတယ်။တခါထဲစစ်သင်တန်းတက်ခိုင်းတယ်”ဟု ကျင်းကြီးကျေးရွာဒေသခံလူငယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူကြက်သွန်ကွင်း၊ ငဝန်ကြို့ကုန်းနှင့် ကွမ်းခြံကုန်းစသည့် ကျေးရွာတို့၌လည်းလူငယ်အမျိုးသားများကို ကာကွယ်ရေးအဖွဲ့ ဖွဲ့ရန် မဲနှိုက်စေကာ စစ်သင်တန်းတက်‌ရောက်ရန် စစ်ကောင်စီတပ်မှ စေခိုင်းမှုရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံက သိရှိရသည်။

“ ရွာအလိုက် လူငယ်အမျိုးသားလေးတွေပဲ မဲနှိုက်ခိုင်းတယ်။ စစ်သင်တန်းသွားတက်ခိုင်းတာပေါ့။ အဓိကရှမ်း‌မြောက်မှာအင်အားလိုတာ။ ဒီမှာကပြည်သူ့စစ်တွေရှိနေတာပဲလေ။ကာကွယ်ရေးဆိုတာအကြောင်းပြတာပဲဖြစ်နိုင်တယ်” ဟု ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၅ ရက်နေ့ကလည်း အခြေခံစစ်သင်တန်း တက်ရောက်၍ မပြီးဆုံးသေးသည့် သာပေါင်းမြို့ခံ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းကို ရှမ်းမြောက်ရှေ့တန်းသို့ စေလွှတ်မှုရှိခဲ့သည်။

ထို့အပြင် ပုသိမ် နှင့် သာပေါင်း မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံခြေလျင်/ခြေမြန်တပ်များတွင် နိုဝင်ဘာလ ၁ရက်နေ့ကစ၍ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပထမအကြိမ်စေလွှတ်ခဲ့ပြီးနောက် တိုက်ပွဲအကျအဆုံး အများအပြားရှိနေကြောင်း သိရသည်။

#သာပေါင်းမြို့ #ကျေးရွာများ #ကာကွယ်ရေးအဖွဲ့ #တစ်ရွာလျှင် #လူငယ်၆ဦးနှုန်း #မဲနှိုက် #အခြေခံစစ်သင်တန်းတက်‌ရောက်ခိုင်း
#Ayeyarwaddy_Times