ဧရာဝတီတိုင်းမ်
(ရိခေါ်ဒါရ်)၊ နိုဝင်ဘာလ ၁၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ခဲ့ပြီး ကျန်တပ်စခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။

ယမန်နေ့နိုဝင်ဘာ ၁၂ ရက်နေ့ ညတွင် ရိခေါ်ဒါရ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိထားပြီ။ စခန်းသိမ်းတဲ့ခါမှာ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်။ အောက်ဘက်က အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို အခုဆက်လက်တိုက်ခိုက်နေပါတယ်” ဟု ချင်းအမျိုးသားတပ်မတော်၊ ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း အချို့ကို ချင်းအမျိုး သားတပ်မတော် ဦးဆောင်မှုဖြင့် သိမ်းပိုက်ရရှိခဲ့ပြီး ယခုအခါ လက်ရှိဖြစ်ပွားနေသည့် အရှေ့မြောက်ဒေသ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ခံစစ်မှ ထိုးစစ် ခြေလှမ်းသို့ စတင်နေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ချင်းအမျိုးသားတပ်မတော်
ပုံစာ- မီးလောင်နေသည့် ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း
#ချင်းပြည်နယ် #ရိခေါ်ဒါရ်မြို့ #စစ်ကောင်စီတပ်စခန်းသိမ်းပိုက် #ကျန်စခန်းများ #ဆက်လက်တိုက်ခိုက်နေ #Ayeyarwaddy_Times