
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အမှတ် ၅၄ ခြံရှေ့တွင်ချိတ်ဆွဲထားသော NLD ပါတီအလံနှင့် ဆိုင်းဘုတ်များဖြတ်ချခံရကြောင်း နီးစပ်သူများထံက သိရသည်။
ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်သည့် နေအိမ်နှင့် ခြံအကွက်ကို သားအကြီး ဦးအောင်ဆန်းဦးနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့ တစ်ယောက်တစ်ဝက်ပိုင်ဆိုင်ကြောင်း ၂၀၂၂ ခုနှစ်တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။
” တရားရုံး အစီအစဉ်နဲ့ လာပြီးလုပ်တယ်ထင်တယ်။ လုံခြုံရေးတွေလည်း ပါတယ်။ အိမ်ထဲမှာရှိနေတဲ့ သူတွေကိုတော့ ဘာမှမပြောသေးဘူး” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခြံအမှတ် (၅၄) ကို ပြည်သူပိုင်အဖြစ်သတ်မှတ်ထားပြီး မည်သူမှပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းနှင့် အခြားနည်းလမ်းအသုံးပြုခြင်းကိုတင်းကြပ်စွာတားမြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ယင်းပြင် ခြံဧရိယာ ၁ ဒသမ ၉၂၃ ဧကနှင့် အဆိုပါမြေပေါ်တွင်ရွှေ့ပြောင်းမရသော အဆောက်အအုံအားလုံးကို အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထားသည်။
ဒေါ်အောင်စုကြည်နေထိုင်ရာ ခြံအမှတ် ၅၄ သည် မြန်မာနိုင်ငံရေး၊ ဒီမိုကရေစီအရေးတွင် အရေးပါသော နေရာဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီးမွန်း နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး မြန်မာ့နိုင်ငံရေးအတွက်သမိုင်းဝင်နေရာဖြစ်သည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးထားသည်။
#တက္ကသိုလ်ရိပ်သာလမ်း #ခြံအမှတ်၅၄ #အိမ်ရှေ့ #အလံဆိုင်းဘုတ်များဖြုတ်ချခံရ
#Ayeyarwaddy_Times