ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေအတုရောင်းဝယ်တဲ့လုပ်ငန်းတွေ ပိုမိုအားကောင်းလာသလို ငွေအတု ရောင်းဝယ်တယ်ဆိုပြီး အွန်လိုင်းပေါ်ကလိမ်လည်မှုတွေလည်း ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ငွေအတုရောင်းဝယ်တဲ့လုပ်ငန်းတွေကို အွန်လိုင်းပေါ်ကတဆင့်ပြုလုပ်ပြီး ငွေတုဝယ်ယူမည့်သူက သွားရောက် ဆက်သွယ်သည့်အခါ ငွေအတုရောင်းချတဲ့ပုံစံကို ယုံအောင်ပြောပြီး ငွေလွှဲကြိုတင်ပေးခိုင်းကာ လိမ်လည်မှုများ ပြုလုပ်နေတာလို့ ငွေအတုဝယ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ ငွေအတု ၁၀ သိန်းဆို ငွေအစစ် ၁ သိန်းပေးရမယ်ပြောတယ် စရံငွေကြိုလွှဲရမယ်ပြောပြီး လွှဲရင် ဖုန်းနံပါတ်ရော အကောင့်ရောဘလော့သွားတာ သူတို့က ယုံအောင်ပြောပြီးမှလုပ်တာ” လို့ ပြောပါတယ်။

ငွေအတုဝယ်ဖို့အတွက် ငွေအမောက်နည်းရင် အွန်လိုင်းငွေပေးချေမှုကနေ ငွေကြိုလွှဲခိုင်းပြီး အိမ်အရောက် ပါဆယ်ပိုပေးမယ်လို့ ယုံကြည်အောင်ပြောကာ ငွေလိမ်လည်မှုတွေပြုလုပ်နေတာလို့ ဆိုပါတယ်။

ငွေကြိုလွှဲပြီးလို့ ဖုန်းနဲ့အကောင့်တွေ ဘလော့ခံရချိန်မှာ လွှဲလိုက်တဲ့လုပ်ငန်းစဉ်နံပါတ်နဲ့ ပြန်ယူဖို့လုပ်တဲ့အချိန် လိမ်တဲ့သူက ကြိုတင်ငွေထုတ်ယူသွားတာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။