စစ်ကောင်စီ၏ ကပစတပ်မှ တပ်သားအချို့အား မြင်တွေ့ရစဥ်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
(မကွေး)၊ ဇူလိုင်လ ၂၄ ရက်

စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ထုတ်လုပ်တဲ့စက်ရုံတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တပ်တွေက လက်နက်ထုတ်လုပ်ရေး စစ်ကောင်စီတပ် သားတွေ နားရက်မရှိလုပ်ကိုင်နေရတယ်လို့ ကပစတပ် တပ်တွင်းသတင်းရင်းမြစ်တွေက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေက စစ်ကောင်စီတပ် သားတွေကို လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးနဲ့ တခြားအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းတွေမှာ ထုတ်နှုတ်ခွဲဝေပို့ဆောင်နေရလို့ စက်ရုံလုပ်ငန်းတွေမှာ လုပ်ဆောင်မယ့်သူတွေလျော့နည်းနေတာလို့ သိရပါတယ်။

မူလက လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ် ဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အဲ့ဒီလိုခွဲဝေပို့ဆောင်မှုတွေရှိနေလို့ လက်ကျန် လက်နက်ထုတ်လုပ်ရေးတပ်သားတွေအနေနဲ့ လက်နက်ထုတ်လုပ်ရေးလုပ် ငန်းတွေမှာ ယခင်ထက် ၂ ဆပိုမိုလုပ်ကိုင်နေရတာကိုတွေ့ရတယ်လို့ ပြောပါတယ်။

”အရင်ကဆိုသူတို့အနားရတယ်၊ ခု​နောက်ပိုင်းလူနည်းလာလို့ထင်တယ်၊ သိပ်မနားရဘူး။ ဝါဆိုလပြည့်ရော၊အာဇာ နည်နေ့ရော တနင်္ဂနွေလည်း ဆင်းနေတာ တွေ့တယ်။ ကပစ စစ်သားတွေကို စုစုပြီး စစ်ကြောင်းထိုးဖို့ဆိုပြီးလာလာခေါ်တယ်၊ ၁ လ တန်သည်၊ ၂ လတန်သည်ပို့နေတာတွေ့တယ်။ဘယ်တွေပို့လည်းတော့ မသိဘူးပေါ့။ ခုကမြို့ပေါ်ဂိတ်တွေမှာ အနီးတဝိုက်လုံခြုံရေးတွေရောအကုန် လုံး ကပစတပ်သားတွေသုံးပြီးဖြန့်နေတော့ စက်ရုံဆင်းမယ့်သူနည်းသွားတာ” လို့မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ပိတောက်ကန်ရွာအခြေစိုက် ကပစ ၁၃ တပ်နဲ့နီးစပ်တဲ့သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကပစ စက်ရုံအများစုဟာ မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းမြို့တွေကိုအခြေပြုတည် ဆောက်ထားတာဖြစ်ပြီး မကွေးတိုင်းရဲ့ မြို့နယ် ၁၀ ခုဝန်းကျင်မှာ ကပစစက်ရုံတပ် ၁၅ ခုထက်မနည်းတည်ရှိနေတာဖြစ်ပါတယ်။

ရခိုင်ရိုးမအခြေနဲ့ ပုသိမ်-မုံရွာလမ်းမအကြားမှာရှိတဲ့ မကွေးတိုင်းအတွင်းက မြို့ နယ်တွေဖြစ်တဲ့ ကံမ၊မင်းတုန်း၊ စေတုတ္တရာ၊ ငဖဲမြို့နယ်အတွင်းက PDF တွေနဲ့ ဆိပ်ဖြူ၊ပွင့်ဖြူ၊စလင်း၊ပေါက်၊မြိုင်၊ ဆော၊ကျောဒေသအတွင်းမှာ လှုပ်ရှားနေတဲ့ PDF တွေကို ကပစတပ်သားတွေကို အသုံးပြုပြီး စစ်ကြောင်းထိုးရှာဖွေတာတွေပြု လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကပစတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

”ပြီးခဲ့တဲ့ ၆ လလောက်ကထဲ ကပစတပ်တွေက တပ်တခုကို အင်အားဘယ်လောက်ပေးရမယ်ဆိုပြီး အဆင်သင့်စုဖွဲ့ခိုင်းထားတာရှိတယ်။ ဘယ်နေရာကို စစ်ကြောင်းထိုးရမယ်ဆို လာခေါ်တာတယ်ပေါ့။ အဓိက ကတော့မကွေး တိုင်းထဲက ကပစတွေက မင်းတုန်း၊ ကံမအပိုင်ဒေသတွေကနေ ပုသိမ်-မုံရွာ လမ်းတလျှောက် ပေါက်လောက်အထိကြားနေရာတွေမှာ စစ်ကြောင်းထိုးခနခနသွားရတယ်။ အဲ့ဒီတွေမှာ ပို့ထားတော့ လက်နက်ထုတ်လုပ်ရေးမှာလူနည်းနေတာ” လို့ ငဖဲမြို့နယ် ကပစ ၁၄ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ် ပေါက်လာတဲ့ နိုင်ငံအနှံကလက်နက်ကိုင်ခုခံတော်လှန်မှုတွေအတွက် ခြေလျင်၊ခြေမြန်တိုက်ခိုက်ရေးတပ်တွေအပြင် တိုက်ခိုက်ရေးတပ်မဟုတ်တဲ့ လက်ရုံးဝန်ထမ်းတပ်တွေကိုပါ ရှေ့တန်းပို့ဆောင်တိုက်ခိုက်နေရတာပါ။

မကွေးတိုင်းအတွင်းမှာတော့ မြို့ပေါ်နဲ့ လမ်းစစ်ဆေးရေးဂိတ်တွေ၊ ၄င်းတို့လက်အောက်ခံဌာနဆိုင် ရာရုံးလုံခြုံရေးတွေနဲ့ PDF ရှိတယ်လို့ယူဆတဲ့ ဒေသတွေကို လက်ရုံးကပစတပ်တွေအသုံးပြုပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။