ဟိန်းစံ/ဧရာဝတီတိုင်းမ်
(နေပြည်တော်)၊ ဇူလိုင်လ ၂၄ ရက်

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီလက်အောက်မှာ ပြည်ထဲရေး ဒု-ဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်၊ ကာကွယ် ရေးဝန်ကြီးဌာန၊ အမှတ် ၆ စစ်ဆင်ရေးအထူးဖွဲ့မှူးတာဝန်တွေယူခဲ့တဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို နေပြည်တော်မှာ အကျယ်ချုပ်နဲ့ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဇွန်လဆန်းပိုင်းအတွင်း တာဝန်အားလုံးမှအနားပေးခံခဲ့ရပြီး လူမြင်ကွင်းကပျောက်ဆုံးနေတဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို လက်ရှိအချိန်ထိ အကျယ်ချုပ်ချ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊စစ်ကောင်စီတပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အတွင်းမှာရှိတဲ့ ဘုရင့်နောင်ရိပ်သာခန်းမမှာ အကျယ်ချုပ်နဲ့ထိန်းသိမ်းထားတာလို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

” ဘုရင့်နောင်ရိပ်သာဆိုတာ စစ်ရုံးထဲကို ပြင်ပဧည့်သည်တွေလာရင် မင်းအောင်လှိုင်တို့ စိုးဝင်းတို့ တွေ့ဆုံတဲ့ခန်းမ၊ အာဏာမသိမ်းခင်က ကြံ့ခိုင်ရေးနဲ့ ၃၄ ပါတီ ကာချုပ်ကို လာတွေ့တဲ့အချိန်၊ ”ကျနော်မလုပ်ရဲတာဘာမှမရှိဘူး” ဆိုတဲ့ ခန်းမပေါ့။ဘုရင့်နောင်ရိပ်သာက ပြင်ပဧည့်သည်တွေကိုနားဖို့အတွက်လည်း အိပ်ခန်းတွေဘာတွေအကုန် လုံးထည့်ဆောက်ထားတာ။ အဲ့ဒီမှာသူ့ကိုလုံခြုံ ရေးတွေနဲ့ အကျယ်ချုပ်ထားထားတယ်” လို့ စစ်ရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ပတ်သက်လို့ သူ့ရဲ့ ပြည်ထဲရေး ဒု-ဝန်ကြီးနဲ့ ရဲချုပ်ရာထူးကိုအနားပေးပြီး မူလစစ်ဘက်တာဝန်တွေကို ပြန်လည်ပေးအပ်တယ်လို့ မေလ ၂ ရက်နေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပေမယ့် အဲ့ဒီကာလကထဲက စစ်ရုံးအတွင်းမှာဖမ်းဆီးစစ်ဆေးခံနေရတာလို့သိရပါတယ်။

အဲ့ဒီနောက်ပိုင်း သူရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်လာတာမျိုးမရှိတော့ပါဘူး။