နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် ကျိုက်မရော အထ္ထရံ တံတားတို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် နိုဝင်ဘာ ၉ ရက်နေ့ကတည်းကစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ကျိုက်မရော မြို့နယ်ရှိ ချောင်းနှစ်ခွ နယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အထ္ထရံတံတား ကိုယ်ပါ ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

“၉ ရက်နေ့ကတည်းက စပြီးတိုက်ခိုက်ခဲ့တာ။ နှစ်ဖက် ထိခိုက်မှုတွေရှိတယ်။ နိုဝင်ဘာလ မနေ့က ညနေပိုင်းမှာ ရဲစခန်းနှင့် တံတားကို သိမ်းပိုက်နိုင်ခဲ့တယ်” ဟု မြေပြင် တော်လှန်ရေး တိုက်ပွဲဝင်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၊ ဂဠုန်တော်လှန်ရေးတပ်ဖွဲ့စစ်ကြောင်းတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးကိုပါ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းဆီးရမိခဲ့သလို စခန်းစွန့်ခွာထွက်ပြေးမှုများလည်း ရှိခဲ့ပြီး မိမိတို့သက်ဆိုင်ရာ ပြန်ကြားရေးတာဝန် ယူထားသူများက မကြာမီထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ပုံစာ-ချောင်းနှစ်ခွနယ်မြေရဲစခန်း

#မွန်ပြည်နယ် #ကျိူတ်မရောမြို့နယ် #ချောင်းနှစ်ခွနယ်မြေရဲစခန်း #အတ္တရံတံတား #တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက် #Ayeyarwaddy_Times