ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၁၃ ရက်

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့သည့် “၁၁၁၁ စစ်ဆင်ရေး” ဒုတိယမြောက်ရက်တွင်လည်း လွိုင်ကော်မြို့ပေါ်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်များအထိ နေရာယူ တိုက်ခိုက်လာကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် လွိုင်ကော်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အဆင်မပြတ် ပစ်ခတ်နေသည့်အတွက် နေအိမ်ထိခိုက်ပျက်စီးမှုများရှိနေပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ် ရေးကောင်စီ(IEC) ကလည်း လွိုင်ကော်မြို့နှင့်အနီးတဝိုက်ရှိကျေးရွာများမှ ပြည်သူများ အနေဖြင့် ပိုမိုဘေးကင်းလုံခြုံသည့်နေရာများကို ရွှေ့ပြောင်းသင့်ကြောင်း ထုတ်ပြန် ထားသည်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ဒေါဥခူရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ထေးဌားလျား ရပ်ကွက်များအပြင် လွိုင်ကော်အကျဉ်းထောင်များအနီး၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

“မနေ့ကကျတော့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေနဲ့ဆက်စပ်နေတဲ့ ရွာတွေမှာပိုပြီး တိုက်ပွဲပြင်းထန်တယ်ပေါ့။ အခုကတော့ မြို့ပေါ်ရပ်ကွက်တွေ ထိရောက်လာပြီ။ ထောင်ကိုသိမ်းဖို့တိုက်နေကြတယ်ကြားပေမဲ့ သိမ်းနိုင် မသိမ်းနိုင်တော့မသိသေးဘူး။ အခုလွိုင်ကော်မြို့ပေါ်အခြေအနေက တော်လှန်ရေးတပ်ဖွဲ့ရော စစ်တပ်ရော သွားလာနေကြတယ်။ တိုက်ပွဲဖြစ်တဲ့ရပ်ကွက်တွေမှာလည်း ဒေသခံတွေကို ပေးမထွက်ဘူး။ သေနတ်နဲ့ချိန်တာမျိုးတွေလုပ်နေတယ်။ လူမှုကူညီရေးကားတွေကိုတောင် ပေးမဖြတ် ဘူး” ဟု လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကရင်နီရှိ ဒေသခံပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများပြင်ဆင်ထားပြီး ပြောင်းရွှေ့ရန် အခက်အခဲရှိသူများအနေနှင့်လည်း ပြင်ပသို့သွားလာခြင်းမပြုဘဲ နေအိမ်အတွင်း အကာအကွယ် ရှိသည့် နေရာများတွင်သာ နေထိုင်ခြင်းပြုကြရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ် ရေးကောင်စီ(IEC) က သတိပေးထားသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ခဲ့သည့် “၁၁၁၁ စစ်ဆင်ရေး” ကာလ ပထမရက်တွင်ပင် ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များက စစ်ကောင်စီစခန်း ခုနစ်ကို ခုသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်လေယာဉ် တစ်စင်းပစ်ချနိုင်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက် (၁၁၁၁ စစ်ဆင်ရေးအတွင်းသိမ်းဆည်းရ မိထားသည့် လက်နက်များ)
#လွိုင်ကော် #နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွား #ပြည်သူများ #လုံခြုံသည့်နေရာတွင် နေထိုင်ရန် #IECသတိပေး #Ayeyarwaddy_Times