ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ-လားရှိုးကြားရှိ စစ်ကောင်စီ၏ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းကို ယနေ့နိုဝင်ဘာ ၁၂ ရက်နေ့တွင် မဟာမိတ် ညီနောင် သုံးဖွဲ့နှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စခန်းကိုအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းသည် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ- အမှတ် ၁၆)နှင့် နီးကပ်သည့်ဂိတ် စခန်းတစ်ခုဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း PLA တပ်ဖွဲ့ထံက သိရသည်။

“နေ့လယ် ၁၂ နာရီလောက်ကတည်းက စသိမ်းတာပါ။ စကခ- ၁၆ အနီးမှာ တည်ရှိပါတယ်။ သူတို့(စစ်ကောင်စီတပ်) က သူတို့တပ်တွေထဲ မှာဘဲနေနေတယ်။ အပြင်မထွက်လာဘူး။ အဓိကကျတဲ့နေရာ စခန်းကြီးတခုပါ”ဟု ပြည်သူ့လွတ်မြောက် ရေးတပ်မတော် PLA ၏ အထွေထွေ အတွင်းရေးမှူး ရဲဘော် နီနီကျော်က ဧရာ၀တီတိုင်းမ် ကို ပြောသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်သည် ရှမ်းမြောက်ကိုသွားလာ ဖြတ်သန်း နေသည့် ကုန်ကားများ၊ အိမ်စီးကားများ၊ ခရီးသွားများကို အစစ်အဆေးကြမ်းပြီး ဖမ်းဆီးရာတွင် နာမည်ကြီးသည့် ရေပူဂိတ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တိုက်ပွဲတွင် စစ်ကောင်စီ၏ထိခိုက်သေဆုံးမှုနှင့် သိမ်းဆည်းရမိမှုများကို အသေးစိတ်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း PLA ထံက သိရသည်။

“စစ်ဆင်ရေးတွေ တစ်လှိုင်းပြီးတစ်လှိုင်း လာနေပါပြီ။ ပြည်သူတွေ တက်ညီလက်ညီပူး ပေါင်းတိုက်ပွဲ၀င်ကြမယ်ဆိုရင် တပြည်လုံးလွတ် မြောက်ဖို့ မဝေးတော့ပါဘူး။ သံပူနေတဲ့အခိုက်မှာ အားစိုက်ပြီး ထုနှက်ကြပါ။ PLA ရဲ့ ခြေလှမ်းတိုင်းက ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်သာဖြစ်ပါတယ်” ဟု PLA တပ်ဖွဲ့ ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဆိုသည်။

ဓာတ်ပုံ-PLA
#ရှမ်းမြောက် #သိန္နီလားရှိုး #စစ်ကောင်စီရေပူဂိတ်စခန်း #PLAညီနောင်မဟာမိတ် #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times