ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၁၂ ရက်)
ခေါင်းကိုက်တဲ့ဝေဒနာကို ကဗျာဆန်ဆန်ဆိုရရင် ဦးနှောက်ရဲ့နာကျင်ခြင်းလို့ မှတ်ယူနိုင်ပါ တယ်။ စိတ်ပင်ပန်းဆင်းရဲခြင်းက ဦးခေါင်းကို နာကျင်ကိုက်ခဲစေပါတယ်။ နာကျင်တာတွေ သက်သာဖို့အတွက် သောကတွေကို လျှော့ချဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းဟာ ကလေးငယ်တွေနဲ့ လူငယ်တွေကို ခေါင်းကိုက်ရောဂါ စတင်စေတတ်သော အဖြစ်များဆုံး အကြောင်းရင်းခံ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုသောကတွေကြောင့် ခေါင်းကိုက်ခြင်းရောဂါ အစပျိုးတတ်ပါတယ်။ မနက် စောစောစီးစီး ဦးခေါင်းမကြည်မလင်နဲ့ အိပ်ရာထရတဲ့နေ့ရက်တွေမှာဆိုရင် စိတ်ဖိစီးပြီး ခေါင်းကိုက်ပါတော့တယ်။ တိုက်ဆိုင်မှု တကယ်ရှိနေတတ်ပါတယ်။Tension-type Headache ဖိအားများခေါင်းကိုက်ရောဂါ Migraine ခေါင်းတခြမ်းကိုက်ရောဂါ တွေ အဖြစ်များပါတယ်။ အဲ့ဒါတွေအပြင် အခြားခေါင်းကိုက်ရောဂါ ပုံစံမျိုးတွေကိုလည်း တွေ့ရတတ်ပြီး ပိုပြီးပြင်းထန် ဆိုးဝါးတဲ့ ခေါင်းကိုက် ရောဂါတွေလည်း ရှိပါတယ်။
#ဖိအားများခေါင်းကိုက်ဝေဒနာ(Tension Headache)
ခေါင်းကိုက်ဝေဒနာမျိုးစုံထဲမှာ အတွေ့ရဆုံးက Tension Headache ဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ စိတ်သောကတွေဟာ လည်ပင်း ပုခုံး နှင့် ဦးရေပြားမှာ ရှိနေတဲ့ ကြွက်သားတွေကို တောင့်တင်းစေပါတယ်။ နာကျင်စေပါတယ်။ ခေါင်းတခုလုံးကို အဝတ်နှင့် တင်းကျပ်နေအောင် ဆွဲစည်းထားသလို ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရပါတယ်။
နှဖူးနှင့် နောက်စေ့နေရာတွေမှာ ပိုပြီးပြင်းထန်သလို ခေါင်းရဲ့ဘယ်ညာ နှစ်ဖက်လုံး ကပတ်လည်ချည်နှောင်ထားသလို ခံစားရတတ်ပါတယ်။ အဲဒီလိုအခြေအနေမှာဆိုရင် အလုပ်အပေါ်အာရုံမစိုက်နိုင်ဘဲ အလုပ်ပျက် စိတ်ထောင်းကိုယ်ကြေ အဆင်မပြေ ဖြစ်ခြင်းကို ကြုံတွေ့ရမှာပါ။
စိုးရိမ်စိတ်တွေကြောင့် စိတ်လှုပ်ရှားမှုများခြင်း၊ အရက်သောက်ခြင်း၊ အအေးမိဖျားနာဖြစ်ခြင်း၊ ထိပ်ခတ်နာဖြစ်ခြင်း၊ သွားနှင့်သွားဖုံးမကျန်းမာခြင်း၊ မျက်စိနာခြင်း ဆေးလိပ်အလွန်အမင်းသောက်ခြင်း၊ ကိုယ်နေဟန်ထားမမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း မောပန်းနွမ်းနယ်နေခြင်း တို့ကြောင့်သာမကပဲ ကော်ဖီအများအပြားသောက်တဲ့အခါမှာ လည်း ဖြစ်တတ်သလို ကော်ဖီပုံမှန်သောက်သူတစ်ယောက်ဟာ ကော်ဖီမသောက်ရတဲ့ အခါမှာလည်း ဖိအားများခေါင်းကိုက်ဝေဒနာ Tension Headache အခြေအနေမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။
#နေ့စဉ်ဘဝမှာခေါင်းကိုက်စေတတ်သောအရာများ
ဘဝမှာအပြောင်းလဲကြီးကြီးမားမား ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းရသောအခါ စိတ်ဖိစီး တတ်ပါတယ်။နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေက စိတ်ဖိစီးမှုတွေဖြစ်စေတတ်ပါတယ်။
အလုပ်လုပ်နေစဉ်မှာ အရေးကြီးစာရွက်စာတမ်း အထားမှားပြီးရှာမတွေ့တာ၊ ကားလမ်း ပိတ်ဆို့မှုကို နေ့စဉ်ကြုံတွေ့နေရပြီး ပိတ်ဆို့နေတဲ့ယာဥ်ကြောထဲမှာ အချိန်ကုန်နေရတာနေတာ၊ လူအများအကြား နေ့စဉ် ကျပ်ကျပ်တည်းတည်းကားတိုးစီးရတာ၊ လျှပ်စစ်မီးမကြာခဏ ဖြတ်တောက်ပစ်တာ၊ အင်တာနက်လိုင်းကျတာ၊ ကုန်စျေးနှုန်းကြီးမားလွန်းတာကြောင့် အသုံးအစွဲကို အမြဲတမ်းချင့်ချိန်နေရတာ စတဲ့အရာတွေကလည်း ခေါင်းကိုက်စေပါတယ်။
အသေးအဖွဲ့ကိစ္စငယ်လေးတွေ များလာပြီး ကိုယ်ခန္ဓာက ဒဏ်မခံနိုင်တော့တဲ့အခါ ခေါင်းကိုက်ခြင်းဆိုတဲ့ထွက်ပေါက်ကိုရှာ ရပါတော့တယ်။ ကြွက်သားတွေတောင့်တင်း နာကျင်လေးလံတာ အံကြိတ်နေမိတာ ပခုံးသားတွေ တောင့်တင်းနေတာတွေဟာ ခန္ဓာကိုယ်ကြီး ဖိစီးမှုတွေခံနေရတာကို ညွှန်ပြနေပါတယ်။ ခေါင်းကိုက်ခြင်းကို ပိုဆိုး စေနိုင်ပါတယ်။
ရံဖန်ရံခါလောက်သာ ဖြစ်တတ်တဲ့သူတွေမှာတော့ တစ်လမှာ တစ်ရက်လောက်ပဲ ခေါင်းကိုက်ပါတယ်။ ဝေဒနာပြင်းထန်သူတွေမှာတော့ တစ်လမှာ တစ်ရက်ထက်မကဘဲ ၁၄ ရက်လောက်အထိကို ခေါင်းကိုက်နေတတ်ပါတယ်။ လနှင့်ချီပြီး ခေါင်းကိုက်သူတွေ လည်း ရှိတတ်ပါတယ်။
ခေါင်းကိုက်ခြင်းက ခေါင်းတစ်ခါကိုက်ရင် နာရီဝက် မိနစ်၃၀ ကနေ တစ်ပတ်လောက်ထိ ကြာတတ်ပါတယ်။ အစားအသောက်ပျက်ပေမယ့် ပျို့တာအန်တာမျိုးတွေတော့ မရှိပါဘူး။ အလင်းရောင်စူးစူးတွေနဲ့ အဆင်မပြေဘဲ ရှိတတ်ပါတယ်။ ညဘက်အိပ်မပျော်ခြင်းတွေလည်း ကြုံရတတ်တယ်။ခေါင်းကိုက်ခြင်းတို့ရဲ့ထုံးစံအတိုင်း အာရုံစူးစိုက်မရတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားလာရပြီဆိုရင် အဆိုးသံသရာတွေ ရပ်ပစ်ပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကို အဆင်မပြေမှုတွေကို မရှောင်နိုင်ပေမယ့်လည်း အဆင်ပြေဖို့ရာ လုပ်နိုင်တာလေးတွေတော့ရှိပါတယ်။
“ယောနိသော မနသိကာရ” တဲ့….၊ ကိုယ့်ရဲ့စိတ်ကို ကောင်းမွန်စွာနဲ့ မှန်မှန်ကန်ကန် ဆင်ခြင်ကြည့်သင့်ပါတယ်။ ထိန်းချုပ်ပြုပြင်လို့မရတဲ့ ကိစ္စတွေကြုံတွေ့လာရင် စိတ်လျှော့ချပြီး အကောင်းဆုံး ရင်ဆိုင်လိုက်ဖို့အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင် အတွက် အချိန်ပေးပါ။
တေးဂီတနားထောင်ခြင်း၊ ကခုန်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ စိတ်ပါဝင်စားစွာ စာဖတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အချစ်တော်အိမ်မွေးတိရိစ္ဆာန်လေးများနှင့် ဆော့က စားခြင်းတွေကို လိုက်လုပ်ကြသူတွေအဖို့ ဖိအားတွေလျော့ပြီး ခေါင်းကိုက်တာ အဖြစ် နည်းတတ်ပါတယ်။
နေ့စဉ် အချိန်ဆယ်မိနစ်လောက်ပေးပြီး တရားထိုင်ပေးခြင်း(သတိမပြတ်အသက်ရှူ လေ့ကျင့်ခြင်း) ကလည်း ခေါင်းကိုက်ခြင်းဝေဒနာအပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက် ရောက်မှုတွေ ရှိစေပါတယ်။ တရားထိုင်ခြင်းအပြင် ယောဂ (Yoga) ထိုက်ချိ (Tai-chi) ဆော့ခြင်းကလည်း ကောင်းမွန်တဲ့အကျိုးတွေရှိနေတာကျို တွေ့ရပါတယ်။
ခေါင်းကိုက်နေရင် ကောင်းမွန်စွာအနားယူပါ။ ရေဓာတ်ပြည့်ဝအောင်သောက်ပါ။ ဆေးဝါးအကူညီလိုအပ်လာပါက ဆရာဝန်နဲ့ပြသပြီး စနစ်တကျကုသပါ။ နောင် အလျဉ်း သင့်တဲ့အခါမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်စေတတ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ Migraine Headache အကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်း ဝေဒနာခံစားနေရတဲ့ မြန်မာနိုင်ငံနဲ့အတူ နိုင်ငံသူ နိုင်ငံသားတွေလည်း မကြာခင်ကာလအတွင်းမှာ ရောဂါ အမြစ်ပြတ် ပျောက်ကင်းစေကြောင်း ဆုတောင်း လိုက်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ပြည်သူအချင်းချင်းမျှဝေကူညီရင်းဖြင့် နေမကောင်းတဲ့ မြန်မာနိုင်ငံကို ဝိုင်းဝန်းကုသပေးကြနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
နောက်အပတ်မှာ မုန့်ချိုအိတ်ဆိုပြီးသိကြတဲ့ ပန်းကရိယ Pancreas ဆိုတဲ့ ကိုယ်တွင်း အင်္ဂါအကြောင်းကို တင်ဆက်ပေးမှာမို့ Ayeyarwaddy Times မှာ စောင့်မျှော်ဖတ်ရှု ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဖိအားများကြောင့်ကြုံနေရတဲ့ခေါင်းကိုက်ခြင်းဝေဒနာ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)