ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
ပန်းတောင်းမြို့နယ် ကပစ ၁၆ (ယမ်းချက်စက်ရုံ) အနီးရှိ အဓိကကာကင်းစခန်း အသိမ်းခံရပြီးနောက် စစ်ကော်မရှင်က လက်နက်ကြီးစခန်းများကို အခြေပြုရန်ပြင်ဆင်နေကြောင်း သိရသည်။
ပွိုင့် ၆၆၆ စခန်းကုန်း သိမ်းယူခံရပြီးနောက် အန္တရာယ်ရှိလာသည့် ကပစ ၁၆ ကို ကာကွယ်နိုင်ရန် စက်ရုံ၏အနီး မသုန်ချောင်းတစ်ဖက်ကမ်းရှိ မြောက်ဘက်ကုန်းတွင် လက်နက်ကြီးစခန်းပြုလုပ်ရန် နေရာယူပြင်ဆင်မှုများ ရှိလာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“၂၇ မိုင် ချောင်းသုံးခွနဲ့ မသုန်လမ်းပိုင်း ဖလိုးချောင်းဖျားတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေရှိနေတယ်။ ညောင်ကျိုးဘက်တော့ ထိတွေ့မရှိသေးဘူး ငြိမ်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က စတင်ကာ စစ်ကော်မရှင်က လက်လွှတ်ခဲ့ရသည့် ၆၆၆ ပွိုင့်ကုန်း ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာနေပြီး မသုန်ချောင်းအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသည့် အတွက် မသုန်မှနာရေးကူညီမှုကားများ အတက်အဆင်းပြုလုပ် သယ်ထုတ်နေရကြောင်း သိရသည်။
“နာရေးကူညီမှုကားတွေ တစ်ရက်ကို နှစ်ခေါက်ထက်မနည်း အတက်အဆင်းလုပ် သယ်နေရလို့ အလျင်မမီဘူးဖြစ်နေတယ်လို့ သိရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပန်းကန်ကွဲကျေးရွာ၏တောင်ဘက် ကိုးကီလိုမီတာ အကွာအဝေးတွင်ရှိသည့် ၆၆၆ ပွိုင့်ကုန်းကို AA နှင့် ပူးပေါင်းတပ်က သိမ်းယူပြီးနောက် စစ်ကော်မရှင်တပ်များ ကာကင်းစခန်းကိုပြန်ရရန် ထိုးစစ်ဆင်လာပြီး လက်နက်ကြီးစခန်းများပါ အခြေချလာခြင်းဖြစ် သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဆင်
လန်ကျေးရွာမှ လေသာတောင်ကြောဘက်သို့ စစ်ကူနှင့်ရိက္ခာပို့ရင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုများခဲ့သည်ဟု သိရသည်။
AA နှင့်ပူးပေါင်းတပ်များ၏ စစ်ရေးလမ်းကြောင်းမှာ ရခိုင်ရိုးမ လမ်းကြောင်းမှနေ၍ ဥသျှစ်ပင်ရှိ ကပစ စက်ရုံများဘက်ကို ဦးတည်လာနေသည့်အတွက် စစ်ကော်မရှင်က ညောင်ကျိုး၊ လေသာတောင်တစ်ဝိုက် ပြန်လည်စိုးမိုးမှုရယူနိုင်ရန် စစ်ကူပေးနေရသည့်အပြင် ကပစစက်ရုံများ မဆုံးရှုံးရစေရန် အင်အားဖြည့်နေခြင်းဖြစ်သည်။
ဆင်လန်ကိုအခြေပြုထားသည့် စစ်ကော်မရှင်တပ်မှာ လေသာတောင်ကြောတစ်ဝိုက်တွင် AA ၏ ကြားဖြတ် တိုက်ခိုက်မှုကို ခံရပြီးနောက် တပ်များပြန်လည်ဆုတ် ခွာနေကြရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။