ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး ရုရှားမှ ရေနံဝယ်ယူတာရပ်တန့်ဖို့ တရုတ်နိုင်ငံကို တောင်းဆိုမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားနဲ့ယူကရိန်းကြား စစ်ပွဲကို ရေနံ သို့မဟုတ် စွမ်းအင်ဖြင့် မည်ကဲ့သို့ အဆုံးသတ်နိုင်ကြောင်းကို ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားမှ ရေနံဝယ်ယူခြင်းအားဖြင့် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ငွေကြေးထောက်ပံ့နေတဲ့ တရုတ်နိုင်ငံကို ၎င်းက ဝေဖန်ခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ အလွန် သဘောပေါက်လက်ခံလွယ်ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်တာကို မြင်တွေ့ လိုတယ်လို့ ထင်မြင်ကြောင်း သူက ဆက်ပြောပါတယ်။

ရှီကျင့်ဖျင်ဟာ အလွန်ကြီးမားသော တိုင်းပြည်တစ်ခုရဲ့ အလွန်သန်မာသော ခေါင်းဆောင်တစ်ဉီး ဖြစ်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် အလွန် သြဇာရှိသူတစ်ဉီးလို့ ၎င်းက ချီးမွမ်းပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေကြောင့် စိုးရိမ်မှုတွေရှိနေစဉ် တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှုနဲ့ အမေရိကန်ပဲပိစပ် ဝယ်ယူမှုကိစ္စတွေကို ဆွေးနွေးဖို့စီစဉ်နေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။

ဒီလအစောပိုင်းမှာ တရုတ်နိုင်ငံက မြေရှားသတ္တုတင်ပို့မှု တင်းကျပ်ကြောင်း ကြေညာခဲ့ရာ တရုတ် ကုန်စည်တွေအ‌ပေါ် ထပ်တိုး စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ဒေါ်နယ်ထရမ့်က တန်ပြန် ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကြား ထိပ်သီးဆွေးနွေးမှုမတိုင်မီ လာမယ့် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ကွာလာလမ်ပူမြို့တော်၌ တရုတ်နိုင်ငံနဲ့ အဆင့်မြင့် အစည်းအဝေး ပြုလုပ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။

ကိုးကား – NHK
Ref; Trump to raise China’s purchases of Russian oil in meeting with Xi