နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသည့် ဆုံးဖြတ်ချက်မျိုးထွက်ရှိလာရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က မျှော်လင့်ကြောင်း NUG ဝန်ကြီးချုပ်ရုံးထံက သိရသည်။
အဆိုပါထိပ်သီးအစည်းအဝေးကို လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့၊ ကွန်ဗင်းရှင်းဗဟိုဌာနတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပရန်ရှိပြီး ကမ္ဘာ့ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။
ယင်းမတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန်က ဦးစီး၍ မြန်မာ့အရေး သက်ဆိုင်သူများ အားလုံးပါဝင်သော အစည်းအဝေး(SEM) ကျင်းပခဲ့ပြီး NUG နှင့် တော်လှန်ရေး အင်အားစုများက အချက်ငါးချက် တောင်းဆိုထားကြောင်း သိရသည်။
“NUG အပါအဝင် ဒီအဖွဲ့အစည်းတွေက ပြည်သူ့ထောက်ခံမှုရလာတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုတွေက ပြည်သူလူထုရဲ့အသံကို အများကြီးထင်ဟပ်စေပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် အာဆီယံ၏ လက်ရှိ (၄၇)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှနေ၍ မြန်မာ့အရေးနှင့် ပတ်သက်သည့်ပြည်သူ လူထု ဆန္ဒနှင့် မဆန့်ကျင်ဘဲ ကိုက်ညီသော ဆုံးဖြတ်ချက် သဘောမျိုး ထွက်လာရန်လည်း မျှော်လင့်မိကြောင်း ၎င်းက ဆက်လက်ဆိုသည်။
NUG နှင့် တော်လှန်ရေး အင်အားစုများ တောင်းဆိုသည် အချက် ငါးချက်တွင် အာဏာသိမ်း စစ်ကော်မရှင်က စီစဉ်သော ရွေးကောက်ပွဲများသည် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် (သို့မဟုတ်) နိုင်ငံတကာ စံနှုန်းများအရ တရားဝင်မှု လုံးဝမရှိသဖြင့် အသိအမှတ်မပြုဘဲ ငြင်းဆိုရန်ဆိုသည့် အချက်လည်း ပါဝင်သည်။
ယင်းအပြင် စစ်ကော်မရှင်၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုဆိုင်ရာနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ကာကွယ်ပေးရန် ကိစ္စရပ်များ၊ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နှုတ်ဆိတ်နေ ခြင်းကို အဆုံးသတ်ရန် စသည်အချက်များ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဥပဒေမဲ့ ဖမ်းဆီးခံထားရသော သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ ရပ်ရွာခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
အာဆီယံနှင့် နိုင်ငံတကာ အင်အားစုများသည် စစ်ကော်မရှင်၏ အဓိကထွက်ပေါက် ရွေးကောက်ပွဲကို အသိအမှတ်ပြုလိမ့်မည် မဟုတ်ဟု SEM အစည်းအဝေး တက်ရောက်ခဲ့သည့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် SEM ကို NUG၊ NUCC၊ CRPH နှင့် EROs အပါအဝင် တော်လှန်ရေး အင်အားစုများ တက်ရောက်ခဲ့ပြီး အာဆီယံကလည်း လက်ရှိထိပ်သီး အစည်းအဝေးအတွက် စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုမရှိပေ။
စစ်ခေါင်းဆောင်၏ အာဏာသိမ်းမှုကြောင့် ယင်းသို့ ပိတ်ပင်ထားခြင်းဖြစ်ပြီး မြန်မာ့အရေး အကျပ် အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် ဘုံသဘောတူညီချက် ငါးချက်အား အာဆီယံအနေဖြင့် ခိုင်မာစွာ လိုက်နာကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က ဆိုထားသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ စစ်ရေး၊ နိုင်ငံရေး အကဲခတ်တစ်ဦးကမူ ယခုထိပ်သီး အစည်း အဝေးတွင် မြန်မာ့အရေး ကြေညာချက် ပါဝင်နိုင်သော်လည်း ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံမှုတို့က ပိုအရေးပါနိုင်ဟု ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတအပါအဝင် တရုတ်၊ ဂျပန်၊ ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိက၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် တောင်အာဖရိကနှင့်ကမ္ဘာတဝှမ်းမှ ထိပ်တန်းကိုယ် စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။