ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ကို မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့မှ ယနေ့နိုဝင်ဘာ ၁၂ ရက်နေ့တွင် အလုံးစုံ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ နို၀င်ဘာ ၁၂ ရက်နေ့တွင် ကွမ်းလုံမြို့ကို လေကြောင်း မှအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း သိမ်းပိုက်နိုင်ခဲ့ပြီး တင့်ကားနှစ် စီးပါ သိမ်းပိုက်ရရှိထားသည်ကို MNDAA က ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။

စစ်ကောင်စီတပ်က ကွမ်းလုံမြို့ကို လေကြောင်းမှနေ၍ အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နို၀င်ဘာ ၁၁ ရက်နေ့တွင် ကွမ်းလုံမြို့နယ်ရှိ ကန်မိုင်းဒေသကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ကွမ်းလုံမြို့ကိုလက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် ယနေ့တွင်လည်း ကွမ်းလုံ ကြိုးတံတားကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ပြီး အလုံးစုံပျက်စီးစေရန် ရည်ရွယ်၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် PDF တပ်ဖွဲ့ များသည် ၁၀၂၇ စစ်ဆင်ရေးဖော်‌ဆောင်ပြီးနောက် မြို့ပေါင်း ၁၁ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် MNDAA ၊ TNLA ၊ AA သုံးဖွဲ့၏ ၁၀၂၇ စစ်‌ဆင်ရေး ဖော်ဆောင်ချိန် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ယနေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ်- ပန်ဆိုင်း၊ မုံးကိုး၊ နမ့်ခမ်း၊ ကွမ်းလုံ၊ နန်းမယ်ခုံ တို့ကို သိမ်းယူထားနိုင်ပြီး စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပတ်နှင့် ပင်လည်ဘူး မြို့နယ် ၁၁ ခုကို ညီနောင်မဟာမိတ်နှင့်အတူ တော်လှန်ရေး အင်အားစု တပ်ဖွဲ့များမှ သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့
#ရှမ်းမြောက် #ညီနောင်မဟာမိတ်သုံးဖွဲ့ #MNDAA #ကွမ်းလုံးမြို့သိမ်းပိုက်ထိန်းချုပ် #တင့်ကား၂စီး #Ayeyarwaddy_Times