ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၁၁ ရက်

ကရင်နီပြည်နယ်အတွင်း ယနေ့နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပါဝင်သည့် “၁၁.၁၁စစ်ဆင်ရေး” ကိုစတင်ခဲ့ပြီးနန်းမယ်ခုံမြို့၊ မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်း ၇ ခုကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး‌ တိုက်လေယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့‌ကြောင်း KNDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ အထိုင်ချ‌ထားသည့် ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ဒေသများရှိ တပ်စခန်းများကို တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များမှ စစ်ကြောင်း သုံး ကြောင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တိုက်ပွဲအတွင်း လာ‌ရောက်တိုက်ခိုက်သည့် စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်းကို KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.၅) များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းကိုထိမှန်ခဲ့ပြီး စစ်မြေပြင်နှင့်အဝေးတစ်နေရာတွင် ပျက်ကျခဲ့ကာ လေယာဉ်အတွင်းပါဝင်သူနှစ်ဦးကို နှစ်ဖက်တပ်ဖွဲ့များမှ လိုက်လံရှာဖွေနေကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

တိုက်ပွဲအတွင်း ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲမြို့များရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးပစ်ကူအများအပြား ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ဝန်းကျင်ပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

“၁၁.၁၁စစ်ဆင်ရေး” ပထမရက် တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ခန့်နှင့် ခဲယမ့်၊ကျည်ဆံ မျိုးစုံကို သိမ်းဆည်းရမိကာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများလည်း ရှိကြောင်းသိရသည်။

မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင် ပြည်သူလူထု နှင့် အဆောက်အဦး ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာမှ ညွှန်ကြားထားသည့်အတိုင်း ကြိုတင်ပြင်ဆင်ကာ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ကြရန်လည်း KNDFက ထုတ်ပြန်ပြောဆိုထားသည်။

“၁၁.၁၁ စစ်ဆင်ရေး” အား ကရင်နီတော်လှန်ရေးပူး‌ပေါင်းအဖွဲ့များ ဖြစ်ကြသည့် KA၊ KNDF ၊ KNPLF ၊DMO PDF ၊Loikaw PDF ၊မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #၁၁၁၁စစ်ဆင်ရေး #စခန်းသိမ်းတိုက်ပွဲ #မြို့သိမ်းတိုက်ပွဲ #Ayeyarwaddy_Times