ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်ကြံ့ခိုင်ရေးပါတီမှ ရပ်ကျေးပါတီဝင်များကို စစ်မှုထမ်းရန် စည်းရုံးမှုပြလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ညောင်တုန်းမြို့ရှိ မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးသို့ နေပြည်တော်မှ ပါတီအလုပ်အမှုဆောင်အချို့ နိုဝင်ဘာ ၁၀ရက်နေ့က ရောက်ရှိလာခဲ့ကာ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တပ်အင်အားလိုအပ်ချက်အရ တစ်ဦးလျှင်ငွေကျပ် ၁၅သိန်းပေးမည်ဟုဆိုကာ စည်းရုံးရေး လုပ်ဆောင်သွားခဲ့ကြောင်း မြို့နယ်ပါတီနှင့် နီးစပ်သူများထံက သိရှိရသည်။

“ရှမ်းမြောက်မှာ လူအင်အားလိုနေတယ်။အဲ့အတွက်စစ်မှုထမ်းဖို့ လူလွှတ်မယ် အဆင်သင့်ပြင်ထားဖို့ပေါ့ အဲတာပြောသွားတယ်။နေပြည်တော်ကအဖွဲ့တွေလာသွားတာ”ဟု မြို့နယ်ပါတီနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စည်းရုံးလုပ်ဆောင်မှုကြောင့် ရပ်ကျေးပါတီဝင်အချို့မှာ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင် နေရကြပြီး မြို့တွင်းတွင် လူငယ်အချိူ့ကို ပေါ်တာဆွဲရန် မြို့နယ်စစ်ကောင်စီထံ တောင်းဆိုထားကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“ပါတီဝင်တွေတော့ အိမ်မှာမနေရဲတော့လို့ ရှောင်ကုန်ပြီ။လူငယ်တွေကို ပေါ်တာဆွဲဖို့ မြို့နယ်ထွေအုပ်ရုံးကို ပြေနေကြတယ်”ဟု နတ်ပေးကျေးရွာရှိ ရပ်ကျေးပါတီဝင်တစ်ဦးကဆိုသည်။

ညောင်တုန်းမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ပထမအပတ်ကလည်း စစ်ကောင်စီရေတပ်မှ စစ်သင်္ဘောတစ်စင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဟု အကြောင်းပြ၍ စစ်တပ်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် လူငယ်များကိုစည်းရုံးမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

#ညောင်တုန်းမြို့ #ကြံ့ခိုင်ရေး #ရပ်ကျေးပါတီဝင်များ #စစ်မှုထမ်းရန်စည်းရုံး #Ayeyarwaddy_Times