ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

ရန်ကုန်မြို့ရှိ စက်သုံးအရောင်းဆိုင်များတွင် ဓာတ်ဆီအမျိုးအစား အောက်တိန်း ၉၂ နှင့် ၉၅ သည် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ကာပြတ်လပ်နေ၍ ဓာတ်ဆီရရှိနိုင်မည့် ဆိုင်ရှာဖွေပြီး တန်းစီစောင့်ဆိုင်း နေရကြောင်း သိရသည်။

ယခုနိုဝင်ဘာလပိုင်းလအစတွင် စက်သုံးဆီ ၉၂ တစ်လီတာလျှင် ကျပ် ၂၀၀၀ ကျော်နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၂၁၀၀ ကျော်တွင်း တစ်ပတ်ခန့်ဈေးငြိမ်ပြီးနောက် ယခုနှစ်ရက်အတွင်း စက်သုံးဆီပြတ်လပ်မှု များကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

“ အခု ဆီဝယ်မရဘူး။ တန်းစီတာရတယ်။ တချို့ဆိုင်တွေက မရသေးဘူး။ ဆိုင်တော်တော်များမှာတော့ ဆီမရဘူး။ ဈေးကျလို့ပဲ မရောင်းတာလား ဆီမရှိတာလားမသိပါဘူး။ ဒီရက်ပိုင်းမှာ ဆီဈေးကျတယ် ၉၂ ကို ၂၀၆၀နဲ့ ၂၀၈၅ ကြားထဲဆိုတော့။ ဈေးနည်းလို့ပဲ ထုတ်မရောင်းတာလားမသိဘူး။ ဆီရှာထည့်ရမှာနဲ့. အုံနာခကိုက်ပါ့မလား။ အုံနာခစိုက်ရတော့မယ်ထင်တယ်” ဟု ရန်ကုန်မြို့တွင်း တက္ကစီမောင်းသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်တွင် ကမ္ဘာ့ရေနံဈေးကျပြီး ပြည်တွင်းစက်သုံးဆီဈေးများ ကျလာချိန်တွင် စက်သုံးဆီဆိုင်များက ပုံမှန်ရောင်းချခြင်းမရှိဘဲ အကန့်အသတ်ဖြင့် ရောင်းချသည့်အတွက် စက်သုံးဆီ ဝယ်ယူရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီသည် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု လျော့ချမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီကြီးများမှ တာဝန်ရှိသူများကို စစ်ဆေးခြင်း၊ စက်သုံးဆီတင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် တင်းကြပ်မှုများပြုလုပ်နေကြောင်းသိရသည်။

#ရန်ကုန်မြို့ #စက်သုံးဆီဆိုင်များ #အောက်တိန်းပြတ်လပ် #တန်းစီစောင့် #Ayeyarwaddy_Times