
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့အနီးကျေးရွာများမှ ဒေသခံ အမျိုးသား ၂၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်မှ ညအချိန်ကျော် အပြင်ထွက်သည်ဟု အကြောင်းပြ၍ ဖမ်းဆီးကာ စစ်သင်တန်းသို့ ပို့ဆောင်ခံရကြောင်း ဒေသခံများထံက သိရသည်။
ငပုတောမြို့နယ် ငရုတ်ကောင်းတောင်ကျေးရွာမှ အသက်၂၅နှစ်မှ ၃၀နှစ်ကျော်အရွယ် အမျိုးသား ၁၂ဦးကို နိုဝင်ဘာလ ၅ ရက်နေ့က ညအချိန်ကျော်အပြင်ထွက်သည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ပုသိမ် အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းသို့ စစ်သင်တန်းတက်ရန် ပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရှိရသည်။
“ ရွာထဲမှာ ငါးရှာဖားရှာတဲ့သူတွေ ညနက်ထွက်လို့အဖမ်းခံရတာများနေပြီ။ အိမ်ကအကိုလည်းအဖမ်းခံရတယ်။ ရွာထဲမှာအဖမ်းခံရတာ ဆယ်ယောက်ကျော်နေပြီ။ ပေါ်တာအဆွဲခံရတာ။ အခုရွာက ကောင်လေးတွေအပြင်မထွက်ရဲတော့ဘူး “ ဟုငရုပ်ကောင်းကျေးရွာမှ ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးကပြောသည်။
ထို့အပြင် ပိုးလောင်းကဗန်းလွတ်ကျေးရွာမှ အသက် ၃၀နှစ်ခန့်ရှိ အမျိုးသား ၈ဦးကို ညအချိန်ကျော်လွန်၍ အပြင်ထွက်သည်ဟု အကြောင်းပြကာ ဖမ်းဆီး၍ စစ်ကောင်စီတပ်မှ ပေါ်တာဆွဲ မှုရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အလားတူပိုးလောင်း ကျေးရွာအနီး နာနတ်ကုန်း၊ ရွာသစ်၊ ညောင်ပင်ကုန်း၊ ငရုတ်ကောင်းတောင်စသည့် ကျေးရွာများ၌ စစ်ကောင်စီတပ်မှတပ်သားသစ် အင်အားစုဆောင်းမှုပြုလုပ်နေသော်လည်း တပ်ထဲ ဝင်ရောက်လိုခြင်းမရှိ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဖြင့် ပူးပေါင်းကာ ပေါ်တာဆွဲနေကြောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
“ရှေ့တန်းပို့ဖို့ အင်အားမရှိတော့လို့ ရွာထဲအင်အားလာတောင်းတယ်။ မပေးနိုင်တော့ ပေါ်တာဆွဲမယ်ဆိုပြီး ရွာထဲမှာ စစ်ကောင်စီတပ်တွေ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတယ်။ ရွာထဲကကောင်လေးတွေလည်း တော်တော်များများရှောင်ကုန်ပြီ” ဟု ပိုးလောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကဆိုသည်။
ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းကလည်း တပ်အင်အားတိုးချဲ့ရန် အကြောင်းပြ၍ စစ်ကောင်စီတပ်မှ လူငယ် ၅၀ဦးထက်မနည်းကို အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းခဲ့သည်။
#ငပုတောမြို့ #ကျေးရွာများ #ဒေသခံအမျိုးသား #၂၀ဦးထက်မနည်း #ညအချိန် #အပြင်ထွက် #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times