
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့များမှ ကျေးရွာများအထိဆင်းကာ PDF များ ရပ်ကွက်၊ ကျေးရွာ အတွင်းဝင်ရောက်နေပါက သတင်းပေးကြရန် နှင့် ညအိပ်လာရောက်မည့်သူများအား ဧည့်စာရင်းတိုင်ကြားကြရန် လိုက်လံပြောဆိုနေကြောင်း မြောင်းမြမြို့နယ် ဒေသခံများထံမှသိရသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနများဖြစ်သည့် ထွေအုပ်၊ ရဲ ၊မီးသတ် ၊ လမ်းဦးစီးဌာနတို့မှ ပေါင်းကာ နိုဝင်ဘာလ မှစပြီး ကျေးရွာများသို့ ဆင်းကာ လူထုကိုအစည်းဝေးလုပ်ပြီး ပြည်သူများအား လမ်းဖောက်ပေးမည် တံတားဆောက်ပေးမည် ဟု အကြောင်းပြကာ PDF နှင့် ပတ်သတ်သည်များကိုသာ အဓိကထား ပြောဆိုနေကြကြောင်း ဒေသခံများထံမှသိရသည်။
“အုပ်ချူပ်ရေးမှူးက မြို့နယ်က အစည်းဝေးလာလုပ် ဖို့ရှိတယ်။ တစ်အုပ်စုကို သုံးရွာတက်ပေးရမယ်ဆိုလို့ မအားတဲ့ကြားက လာရတာ ဒီရောက်တော့ PDF တွေရွာထဲရောက်နေရင် သတင်းပေးဖို့ရယ် ပူးပေါင်းတာတွေမလုပ်ဖို့ရယ် သူစိမ်းဧည့်သည်လာရင် ဧည့်စာရင်းတိုင်ဖို့ရယ် ဒါတွေပဲအဓိကထား ပြောသွားတာ။ အလုပ်ပျက်တာပဲရှိတယ် “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းအတွင်း သေနတ်နှင့် ဗုံးများ ၊ RPG များအား ကျေးရွာများတွင် ဖမ်းဆီးရရှိမှု များနေသဖြင့် စစ်ထောက်လှန်းရေးများပါ ရွာများသို့ လှည့်လည်သွားလာနေပြီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအိမ်သို့ ဝင်ထွက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
“ပန်းတနော်တို့ ငါသိုင်းချောင်းတို့ ကန်ကြီးဒေါင့် တို့မှာ ဒလံသတင်းပေးတာကြောင့် သေနတ်တွေ နဲ့ ဗုံးတွေ ၊RPG တွေကို မိတယ်။ ရွာဘက်တွေကို အရပ်ဝတ်နဲ့ စစ်တပ်ကကောင်တွေဆင်းလာတယ်။ ဆိုင်မှာ ဆီဖြည့်တော့ ဒီကောင်တွေဆိုင်ကယ်ထဲမှာ ပစ္စတိုသေနတ်တွေ့တယ်။ ပြီးတော့ ရာအိမ်မှူးအိမ်ကိုမေးပြီးရွာထဲဝင်သွားတာပဲ ဘောမတဲ့ကောင်တွေနဲ့ ဒလံတွေ ဆီကပဲ သတင်းရမယ်။ ကျန်တဲ့နေရာကတော့ ဘယ်သူမှပေးမှာမဟုတ်ဘူး “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီအနေဖြင့် စစ်ကြောင်းကြီး လေးကြောင်းဟု အမည်တပ်ကာ ကျေးရွာများအတွင်း လှည့်လည်ဟောပြောနေပြီး ကျေးရွာလူထုအား စည်းရုံးနေကြကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများမှ ကျေးရွာများအတွင်း လောင်းကစားဒိုင်များနှင့် အရက်ပုန်းဆိုင်များ မှ လိုင်းကြေးများ ကောက်ယူရာတွင် လူယုံမွေးကာ ကိုယ်စားကောက်ယူခိုင်းခြင်းနှင့် ရပ်ကွက်ကျေးရွာများတွင် သတင်းစုံစမ်းခြင်းများကို ဆောင်ရွက်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီတိုင်း #စစ်ကောင်စီ #ဝန်ထမ်းများ #ကျေးရွာများအထိဆင်းကာ #PDFများ #သတင်းမျာ #ဧည့်စာရင်းတိုင်ကြားရန် #စည်းရုံးပြောဆို
#Ayeyarwaddy_Times